Local
မိုးရာသီကာလအတွင်း ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားချက်ထုတ်ပြန်
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
မိုးရာသီကာလအတွင်း ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး က ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
ကချင်ပြည်နယ်၊ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ယခုလက်ရှိ အခြေအနေမှာ နွံကန်ကျိုးပေါက်ခြင်း၊ မြေပြိုခြင်းတို့ကြောင့် လူသေဆုံးမှုများ၊ စက်ယန္တရား နှင့် လူနေအိမ်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသည့်အတွက် ယခုမိုးရာသီကာလ ၃လတာ ကာလအတွင်း ကျောက်စိမ်းတူးဖော်ထုတ်လုပ်နေသောလုပ်ငန်းများအား လုံးဝခွင့်မပြုဘဲ ခေတ္တရပ်ဆိုင်းထားရန်၊ ခေတ္တရပ်ဆိုင်းထားစဉ်ကာလအတွင်း အန္တရာယ်ဖြစ်နိုင်သော လုပ်ကွက်များ နှင့် မြေပြင်အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ ကြိုတင်ကာကွယ်မှု အစီအမံများဆောင်ရွက်ထားရှိရန် ဟုညွှန်ကြားချက်ထဲတွင် ပါရှိသည်။
ထိုသို့ယာယီရပ်နားစဉ်ကာလ အတွင်း ကျောက်မျက်ရတနာတူးဖော်ခြင်း (ခေါင်းပေါင်းမြေစာဖယ်ရှားခြင်း၊ ကျောက်စိမ်းရိုင်းပါမြေစာပုံများစုပုံခြင်း) ကျောက်မျက်ရတနာထုတ်လုပ်ခြင်း (ကျောက်စိမ်းရိုင်းပါမြေစာများ အနက် ကျောက်စိမ်းရိုင်းများ ကိုအခြောက်နည်းဖြင့် ရှာဖွေခြင်း၊ ရေပန်းထိုးရှာဖွေခြင်း) များကိုဆောင်ရွက်ခြင်းမပြုရန်အပါအဝင် အချက်ပေါင်း ၁၀ချက် အားထုတ်ပြန်ခဲ့သည်။
ထိုညွှန်ကြားချက်များ အားတိကျစွာလိုက်နာဆောင်ရွက်ရန် နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက မြန်မာ့ကျောက်မျက်ရတနာဥပဒေ နှင့် အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားချက်ထဲတွင် ပါရှိသည်။ (Xinhua)