Connect with us

Local

ဇွန်လ ကျောက်မျက်ရောင်းပွဲ ကျပ် သန်း ခြောက်သောင်းကျော်ဖိုး ရောင်းရ

မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲဖြစ်မြောက်ရေး ကော်မတီ သတင်းစာ ရှင်းလင်းပွဲကျင်းပစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

၂၀၁၉ ဇွန်လ ၈ ရက်မှ ၁၃ရက်နေ့အထိ ကျင်းပခဲ့သည့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျပ်သန်းပေါင်း ၆၀၈၉၁ ဒသမ ၉၇၉ ဖိုး ရောင်းခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

“ဒီပွဲမှာ ကျောက်မျက် အတွဲ ၂၆၀ တွဲ တင်ပြရာမှာ ၄၉ တွဲ ရောင်းရပြီး ကျောက်စိမ်းအတွဲ ၃၁၀၈ တွဲ တင်ပြရာမှာ ၃၀၁၁ တွဲ ရောင်းခဲ့ရပါတယ်၊ ကျောက်မျက်က ကျပ် ၃၆၂ ဒသမ ၀၉၉ သန်း၊ ကျောက် စိမ်းက ကျပ် ၆၀၅၂၉ ဒသမ ၈၇၈ ဖိုး ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ယနေ့ ညနေပိုင်း ပြုလုပ် သော သတင်းစာရှင်းပွဲတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရောင်းချရာတွင် ဈေးအများဆုံး ရရှိခဲ့သည့် ကျောက်မျက်အတွဲနှင့် ကျောက်စိမ်းအတွဲတို့မှာ ကျပ်သိန်း ၅၂၀၀ ဖြင့်ရောင်းရသည့် Log No (2983) နှင့် ကျပ် ၃၅၇ ဒသမ ၇ သိန်းဖြင့်ရောင်းရသော နီလာရိုင်းအတွဲတို့ ဖြစ်ကြောင်း၊ အဆိုပါ နီလာရိုင်းမှာ မူလကြမ်းခင်းဈေးထက် ကိုးဆခန့်များသော ဈေးဖြင့် ရောင်းချခဲ့ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌဦးမြင့်ဟန်က ဖြေကြားခဲ့သည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် မြန်မာကျပ်ငွေဖြင့် ရောင်းချသော ကျောက်မျက် ကျောက်စိမ်း အရောင်းပွဲများ၏ ရှစ်ကြိမ်မြောက် ပွဲဖြစ်သည့် ယခု ကျောက်မျက်ကျောက်စိမ်း ရောင်းချပွဲသို့ ကျောက်မျက် ကုန်သည် ၃၁ ဦးနှင့် ကျောက်စိမ်း ကုန်သည် ၁၉၇၉ ဦး- စုစုပေါင်း ကုန်သည် ၂၀၁၀ ဦး တက်ရောက်ခဲ့ကြပြီး ပြီးခဲ့သည့် ၂၀၁၈ နိုဝင် ဘာလတွင် ပြုလုပ်ခဲ့သော မြန်မာကျပ်ငွေဖြင့် ရောင်းချ ပွဲတွင် တက်ရောက်ခဲ့သည့် ရတနာ ကုန်သည် ဦးရေ( ၁၄၉၃ ဦး)ထက် ပိုများကြောင်း၊ ယခုပွဲ၌ တင်ပြသည့် ရတနာအတွဲမှာ ယခင်ပွဲထက် လျော့ နည်းသော်လည်း ရောင်းရငွေ ပမာဏ ပိုများခဲ့ကြောင်းနှင့် ပြည်တွင်း ပြည်ပ ရတနာကုန်သည်များအတွက် ယူရိုငွေဖြင့် ရောင်းချမည့် ပွဲကို လာမည့် စက်တင်ဘာ ဒုတိယပတ်၌ ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ (Xinhua)