Local
မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် ကုန်သွယ်မှု ပမာဏသည် ယခင်နှစ်ထက် ၁၁၂ .၃၂၄ သန်း ပိုမို မြင့်တက်လာ

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် ကုန်သွယ်မှု ပမာဏသည် ယခု ၂ဝ၁၅ -၂၀၁၆ ဘဏ္ဍာနှစ်၏ သြဂုတ် လကုန်ပိုင်း အထိ အမေရိကန် ဒေါ်လာ ၁၁.၄၃၄ ဘီလီယံ (သန်းပေါင်း ၁၁၄၃၄.၄၁၄ ) သန်းအထိ ရောက်ရှိနေသည့် အတွက် ယခင်နှစ်ထက် ၁၁၂ . ၃၂၄ သန်း ကုန်သွယ်မှု ပမာဏပိုမို မြင့်တက်လာကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှသိရသည်။
ယခင်နှစ် ယခုလိုအချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၃၂၂ .၀၉ ရှိခဲ့ပြီး ပို့ကုန် တန်ဖိုးမှာ ဒေါ်လာ ၄၈၁၅ . ၆၉၆၊ သွင်းကုန် တန်ဖိုးမှာ ဒေါ်လာ သန်းပေါင်း ၆၅ဝ၆.၃၉၅ ရှိကြောင်း သိရသည်။
ယခု ၂ဝ၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အစ ဧပြီလမှ သြဂုတ်လကုန်ပိုင်းအထိ နိုင်ငံတကာနှင့် ကုန်သွယ်မှု တွင် အမေရိကန် ဒေါ်လာ ၁၁၄၃၄. ၄၁၄ သန်းရှိရာတွင် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၄၅၉၉. ၁၇၈ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၆၈၃၅ .၂၃၆ သန်းရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။
ယခုနှစ် ပြည်ပ ကုန်သွယ်မှု ပမာဏတွင် နယ်စပ် ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၂၇၈၆ . ဝ၇၈ သန်း ဖြစ်ပြီး ပင်လယ် ရေကြောင်းမှ ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၈၆၄၈ . ၃၃၆ သန်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ နှင့် ကုန်သွယ်မှု စုစုပေါင်း အမေရိကန် ဒေါ်လာ၂၉ ဘီလီယံကျော် အထိ ကုန်သွယ်မှု ပြုနိုင် ခဲ့ပြီး ယခုဘဏ္ဍာနှစ် အတွက် အမေရိကန် ဒေါ်လာ ၂၉ . ၉ ဘီလီယံ အထိ မျှော်မှန်း ထားကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ် မြန်မာနိုင်ငံ နှင့် နယ်စပ်ကုန်သွယ်မှု အများဆုံး နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ကုန်သွယ်မှု တန်ဖိုး အားလုံးတွင် တရုတ်နိုင်ငံမှ ၈၇ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံမှ ၁၂ ရာခိုင်နှုန်း ကုန်သွယ်မှု ပြုခဲ့ကြောင်း၊ ကျန်သည့် ၁ ရာခိုင်နှုန်း သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့နှင့် ကုန်သွယ်မှု ပြုခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လစဉ် ထုတ်ပြန်သော အချက်အလက်များ အရသိရသည်။ (Xinhua)