Connect with us

Local

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ကိုပါ ကူညီပေးရာ ရောက်ဟု ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ပြောကြား

စတုတ္ထ အကြိမ်မြောက် မြန်မာနိုင်ငံ၏ ကမ္ဘာလုံး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ၊ စွမ်းအင် ဝန်ကြီးဋ္ဌာန ဝန်ကြီး ဦးဇေယျာအောင်က မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေသည် ၂၀၁၅ ခုနှစ်တွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လျက်ရှိ သည့် အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပါကြောင်းနှင့် ရင်းနှီးမြှုပ်နှံ သူများအနေဖြင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းသည် မိမိတို့ အကျိုးအမြတ် အတွက်သာမက မြန်မာပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများကိုပါ ကူညီပေးရာ ရောက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ၊ စွမ်းအင် ဝန်ကြီးဋ္ဌာန ဝန်ကြီး ဦးဇေယျာအောင်က ယနေ့ နေပြည်တော်တွင် ကျင်းပသော စတုတ္ထ အကြိမ်မြောက် မြန်မာနိုင်ငံ၏ ကမ္ဘာလုံး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် ပြောကြား လိုက်သည်။

သို့ရာတွင် အကြီးစား စီးပွားရေး လုပ်ငန်းများ ပိုမို တိုးတက်စေရန် အတွက် လုံလောက်သော စီးပွားရေး ဆိုင်ရာ ပတ်ဝန်းကျင်ကောင်း တစ်ခုနှင့် အခြေခံ အဆောက်အအုံများကို ဖန်တီးနိုင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာရန် လိုအပ်လျက် ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လည်း မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီး ပေးနိုင်ရန်အတွက် လုပ်သား အင်အားများဖြင့် လည်ပတ် ရသော လုပ်ငန်းများဖြစ်သည့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ စက်ရုံ အလုပ်ရုံများ၊ စက်မှုလုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့် ဝင်ရောက်စေရန် ဖိတ်ခေါ်ပါကြောင်း သူက ဆက်လက် ပြောကြားခဲ့သည်။

စတုတ္ထ အကြိမ်မြောက် မြန်မာနိုင်ငံ၏ ကမ္ဘာလုံး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် (ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် မြန်မာနိုင်ငံ၏ ကမ္ဘာလုံး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် (ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် ကျင်းပသော အဆိုပါ ဖိုရမ်အား စက်တင်ဘာလ ၁၅ ရက်နေ့ မှ၁၆ ရက်နေ့ အထိ (၂) ရက်ကြာ ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်မှု အတွက် ပုဂ္ဂလိက နှင့် အစိုးရ ကဏ္ဍပေါင်းကူး တစ်ခု ဖြစ်စေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် စွန့်ဦး ဈေးကွက်များ ရှာဖွေ တွေ့ရှိနိုင်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ ဖိုရမ်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် အတူ တကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၆၀ ကျော်အား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ညီလာခံများ ကျင်းပ ပေးနေသော Euromoney Conference အဖွဲ့တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ ဖိုရမ်တွင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငွေကြေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုများ၊ စီးပွားရေး လုပ်ငန်းများအား အောင်မြင်စွာ စီမံခန့်ခွဲ နိုင်ရေး ကိစ္စရပ်များ၊ မဲခေါင်ဒေသခွဲ နိုင်ငံများ အချင်းချုင်း အပြန်အလှန် ကုန်သွယ်မှု၊ အခြေခံ အဆောက်အအုံများ ဖန်တီးနိုင်ခြင်း ကိစ္စများ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု ကိစ္စများ၊ မြန်မာနိုင်ငံအတွင်း ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲ အပြီး အခြေအနေများ အပေါ်ရှုမြင် သုံးသပ်ချက်များ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပေါ် သုံးသပ်မှုများ၊ မြန်မာ့ ခရီးသွား လုပ်ငန်းကဏ္ဍ၏ အလားအလာများ၊ အိမ်ခြံ မြေဈေးကွက်နှင့် ဆောက်လုပ်ရေး ကဏ္ဍများ အကြောင်းတို့ကို နိုင်ငံတကာ စီးပွားရေးနှင့် ဥပဒေရေးရာ ကဏ္ဍများ မှ ပညာရှင်ပေါင်း ၈၀၀ ကျော်တို့မှ ဆွေးနွေး ကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်အရ ၁၉၈၈ ခုနှစ် ဈေးကွက် စီးပွားရေး စနစ် စတင် ကျင့်သုံးချိန်မှ စ၍ ၂၀၁၅ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တန်ဖိုး စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၅၇ ဘီလီယံကျော် ရှိပြီး တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုမှာ ၂၅ .၈၉ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့၊ လျှပ်စစ် နှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် အများဆုံး ရင်းနှီး မြှုပ်နှံကြသည်။ (Xinhua)