Connect with us

Local

ကုန်သွယ်မှု ကဏ္ဍအတွက် ငွေကြေး ဝန်ဆောင်မှု အစီအစဉ်ကို မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် သဘောတူညီချက် ဘဏ္ဍာရေး ဝန်ကြီးဌာန နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ်တို့ လက်မှတ်ရေးထိုး

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းနှင့် အရှေ့ တောင်အာရှ ဌာန ညွှန်ကြားရေးမှူးချုပ် ADB မှ James Nugent တို့ လက်မှတ်ရေးထိုး (ဓာတ်ပုံ- ADB Website)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ကုန်သွယ်မှု ကဏ္ဍအတွက် ငွေကြေး ဝန်ဆောင်မှု အစီအစဉ်ကို မြန်မာနိုင်ငံတွင် ဆောင် ရွက်နိုင်စေမည့် မူဘောင် သဘောတူညီချက် တစ်ရပ်ကို မြန်မာနိုင်ငံ အစိုးရနှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB ) တို့ လက်မှတ် ရေးထိုးခဲ့ပြီးကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း၏ ပြောကြားချက်အရ သိရသည်။

ယင်းသဘော တူညီချက်ကို မြန်မာနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းနှင့် ADB ဘဏ်မှ အရှေ့တောင်အာရှ ဌာန ညွှန်ကြားရေးမှူးချုပ် ဂျိမ်းစ်နုဂျန့်တို့က လက်မှတ်ရေးထိုး ခဲ့ကြပြီး ယခု အစီအစဉ်သည် ကုန်သွယ်မှု ကဏ္ဍဆိုင်ရာ ငွေကြေးဝန်ဆောင်မှုကို ပိုမို ကျယ်ပြန့်စွာ ပေးအပ်နိုင်ခြင်းဖြင့် နိုင်ငံတကာနှင့်ကုန်သွယ်မှုကို တိုးမြင့်လာစေရန် ရည်ရွယ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ သဘောတူညီမှုအရ ကုန်သွယ်မှု ကဏ္ဍဆိုင်ရာ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို အာမခံပေးမည် ဖြစ်ကြောင်း၊ ထို့ပြင် မိတ်ဖက် ဘဏ်များသည် စီးပွားရေး လုပ်ငန်းများကို ချေးငွေပေးနိုင်ရန်နှင့် နည်းပညာ အထောက်အပံ့တို့ ရရှိနိုင်ရန် ADB မှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှု ကဏ္ဍအတွက် ငွေကြေးဝန်ဆောင်မှု အစီအစဉ်သည် မြန်မာနိုင်ငံ ဘဏ်များနှင့်နိုင်ငံတကာ ဘဏ်များအကြား လုပ်ငန်း ဆက်သွယ် ဆောင်ရွက်မှု အသစ်များ ခိုင်မာလာစေရန် နှင့် မြန်မာဘဏ်များ အနေဖြင့် လုပ်ငန်း ဆက်သွယ် ဆောင်ရွက်သူ အသစ်များတိုးပွားကာ ကုန်သွယ်မှု ကဏ္ဍဆိုင်ရာ ငွေကြေး ဝန်ဆောင်မှုများ ပေးအပ်နိုင်စွမ်း ပိုမို မြင့်မားလာစေရန် အထောက်အကူ ပြုမည် ဖြစ်သည်။

မနီလာ အခြေစိုက် အာရှဖွံ့ဖြိုးရေး ဘဏ်သည် ရေရှည် တည်တံ့စေမည့် ဖွံ့ဖြိုးရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်စေရေးတို့ကို ဆောင်ရွက်ကာ အာရှနှင့်ပစိဖိတ်ဒေသတွင်း ဆင်းရဲမှု လျှော့ချရေးအတွက် ဦးတည်ချက်ထား လုပ်ငန်းများ အကောင်အထည်ဖော် လျက်ရှိကြောင်း သိရသည်။

အာရှဖွံ့ဖြိုးရေး ဘဏ်၏ ၂၀၁၄ ခုနှစ်အတွင်း ပံ့ပိုး ဆောင်ရွက်ပေးမှု ပမာဏ မှာ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့ အစည်းများ၏ ပူးတွဲ ငွေကြေးထည့်ဝင်မှု အမေရိကန် ဒေါ်လာ ၉ . ၂ ဘီလီယံ အပါအဝင် အမေရိကန် ဒေါ်လာ ၂၂ . ၉ ဘီလီယံ ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117