Local
မြန်မာ့ ရေနံ ဓါတုဗေဒ လုပ်ငန်းမှ ဒီဇယ်ဂါလံ ကိုးသန်း ခြောက်သိန်းအား ရောင်းချပေးမည်

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
မြန်မာ့ ရေနံဓါတုဗေဒ လုပ်ငန်း ကြီးကြပ်မှု အောက်ရှိ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ ရေနံဓါတု ဗေဒစက်ရုံ (သံပုရာကန်) မှ ထုတ်လုပ်သည့် ဒီဇယ်ဂါလံ ၉,၆၀၀,၀၀၀ (ကိုးသန်းခြောက်သိန်း) အား တစ်ဂါလံ ကျပ် ၂၆၅၀ နှုန်း နှင့် ဦးရာလူ ရောင်းချပေးမည် ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ ယနေ့ နေ့စွဲဖြင့် သတင်း ထုတ်ပြန်သည်။
အဆိုပါ ဒီဇယ်ကို ဝယ်ယူမည့်သူများ အတွက် အနည်းဆုံး ဒီဇယ်ဂါလံ ၂၅,၀၀၀ အား လက်ငင်းငွေချေ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ဒီဇယ်ဝယ်ယူသည့် ပမာဏများအလိုက် သတ်မှတ်ရက်အတွင်း ပြီးစီးအောင် မိမိ အစီအစဉ်ဖြင့် ထုတ်ယူရမည်ဟု သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ဒီဇယ် ဂါလံ ၂၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဝယ်ယူသူများ အနေဖြင့် သက်မှတ်ရက် ၂၀ ရက်အတွင်း၊ ဒီဇယ်ဂါလံ ၅၀,၀၀၁ မှ ၁၀၀,၀၀၀ အထိ ဝယ်ယူသူများ အနေဖြင့် သတ်မှတ်ရက် ၃၀ ရက်အတွင်း၊ ဒီဇယ်ဂါလံ ၁၀၀,၀၀၁ မှ ၁၅၀,၀၀၀ အထိ သတ်မှတ်ရက် ၄၅ ရက် အတွင်း၊ ဒီဇယ်ဂါလံ ၁၅၀,၀၀၁ မှ ၂၀၀,၀၀၀ အထိက သတ်မှတ်ရက် ၆၀ အတွင်း၊ ဒီဇယ်ဂါလံ ၂၀၀,၀၀၁ နှင့်အထက် ဝယ်ယူသူများ အနေဖြင့် သတ်မှတ်ရက် ၇၅ ရက်အတွင်း ပြီးစီးအောင် မိမိ အစီအစဉ်ဖြင့် ထုတ်ယူရမည်ဟု သိရသည်။
ဝယ်ယူသူ အနေဖြင့် မိမိဝယ်ယူသည့် ပမာဏကို တစ်လုံးတခဲတည်း ငွေပေးသွင်း ထုတ်ယူရမည် ဖြစ်ကြောင်း၊ ဒီဇယ်ဝယ်ယူမည့် သူများ အနေဖြင့် မကွေးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ်ရှိ ရေနံ ဓါတုဗေဒ စက်ရုံစု (သံပုရာကန်) စက်ရုံမှူးထံသို့ တိုက်ရိုက်လိပ်မူ၍ လျှောက်ထားကာ ငွေပေးသွင်း ဝယ်ယူနိုင်ကြောင်း၊ အသေးစိတ် အချက်အလက်များအား ဖုန်း- ၀၉၄၀၁၅၂၃၀၉၄ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။ (Xinhua)