Local
အမျိုးသား ပို့ကုန် မဟာဗျူဟာ ဒုတိယ ငါးနှစ်တာ ကာလ ၂၀၂၀ – ၂၀၂၅ အား ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်
ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ)
ပို့ကုန် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမျိုးသား ပို့ကုန် မဟာဗျူဟာ (၂၀၁၅-၂၀၁၉) အား အကောင် အထည်ဖော် ဆောက်ရွက်ခဲ့ရာ ယခုအခါ ငါးနှစ်တာ ကာလ ပြီးဆုံးတော့မည် ဖြစ်၍ ဒုတိယ ငါးနှစ်တာ ကာလ ၂၀၂၀ – ၂၀၂၅ အား ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အမျိုးသား ပို့ကုန် မဟာဗျူဟာ ပထမ အကြိမ် Stakeholders’ Symposium (၂၀၂၀ -၂၀၂၅) အခမ်းအနား နှင့် e-Commerce Payment Platforms for Digital Economy ဆွေးနွေးပွဲအား ယနေ့မတ် ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ထိုဆွေးနွေးပွဲတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေက “အမျိုးသား ပို့ကုန် မဟာဗျူဟာက မြန်မာနိုင်ငံကို ကမ္ဘာ့ ဈေးကွက်မှာ ထွန်းသစ်စ နိုင်ငံ အဖြစ် ဝင်ရောက် နိုင်အောင် စွမ်းဆောင်ရည် မြင့်တင်ပေးဖို့အတွက် အမှန်တကယ် လိုအပ်တဲ့ ကဏ္ဍ တစ်ရပ် ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။
ဒုတိယ သမ္မတ ဦးမြင့်ဆွေက မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)
အမျိုးသား ပို့ကုန် မဟာဗျူဟာ၏ ဒုတိယ ငါးနှစ်တာ ကာလ ၂၀၂၀ – ၂၀၂၅ အား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း နှင့် အတူ တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက် လာစေ မည် ဖြစ်သည့် အတွက် နိုင်ငံတော် အစိုးရ၏ ဦးစားပေး ရည်မှန်းချက်များ ဖြစ်တဲ့ ဆင်းရဲမှု လျှော့ချရေး ၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် ဝင်ငွေ တိုးမြင့် ရရှိရေး တို့ကို ထိရောက်စွာ အကောင်အထည်ဖော်မည် ဖြစ်သည့် အမျိုးသား ပို့ကုန် မဟာ ဗျူဟာ၏ မျှော်မှန်းချက်နှင့်အညီ နိုင်ငံတော် အနေဖြင့် စဉ်ဆက်မပြတ် တိုးတက်မှု နှင့် ကြွယ်ဝမှု ဆီသို့အောင်မြင်စွာ တက်လှမ်းနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)
အမျိုးသား ပို့ကုန် မဟာဗျူဟာ (၂၀၁၅-၂၀၁၉) အား ဦးစားပေး ကဏ္ဍ ၇ ခု နှင့် အထောက်အကူပြု ကဏ္ဍ ၄ ခု စုစုပေါင်း ၁၁ ခုကို ရွေးချယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ ထိုက်သင့်သည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။ယခု အမျိုးသား ပို့ကုန် မဟာဗျူဟာ(၂၀၂၀ – ၂၀၂၅) တွင် လက်ရှိ ကဏ္ဍ ၁၁ ခု အတွက် ရှေ့လာမည့် ငါးနှစ် အတွင်း ဆောင်ရွက်သင့်သည့် လုပ်ငန်း စီမံချက်များကို ပြင်ဆင် ဖြည့်စွက်သွားမည် ဖြစ်သကဲ့သို့ထပ်မံ ဖြည့်စွက် ဆောင်ရွက်မည့် ဦးစားပေး ကဏ္ဍ အသစ် ၅ ခု ဖြစ်သည့် ကျောက်မျက် နှင့် လက်ဝတ် ရတနာ ၊ ဒီဂျစ်တယ် စီးပွားရေး လုပ်ငန်း ၊ သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် ၊ လယ်ယာထွက်ကုန် အခြေခံ စားသောက်ကုန် ထုတ်လုပ်ခြင်း ၊ လက်မှု အနုပညာ ပစ္စည်း အတွက်လည်း မဟာဗျူဟာ ဒီဇိုင်း ရေးဆွဲ အတည်ပြုခြင်းကို အဓိက ထုတ်လုပ်သည့် တိုင်းဒေသကြီး ၊ ပြည်နယ်များက လုပ်ကိုင်သူများပါ အားလုံး ပါဝင် ရေးဆွဲ ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသား ပို့ကုန် မဟာဗျူဟာ ပထမ အကြိမ် Stakeholders’ Symposium (၂၀၂၀ -၂၀၂၅) အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ)
အမျိုးသား ပို့ကုန် မဟာဗျူဟာ(၂၀၂၀ – ၂၀၂၅)တွင် ပို့ကုန် တိုးမြှင့် တင်ပို့နိုင်ရန် မြန်မာ့ စက်မှုလက်မှု လုပ်ငန်းများအား ဖွံ့ဖြိုး လာအောင် အရှိန်အဟုန် မြှင့်တင်ရေး စသည်တို့အတွက် လိုအပ်သည့် ရင်းနှီး မြှုပ်နှံမှုများ နှင့် ဦးစားပေး ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်း သွားမည် ဖြစ်ပြီး ဒေသတွင်း နှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် မြန်မာ့ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ(MSMEs) နှင့် ပို့ကုန် လုပ်ငန်းရှင်များ အတွက် အခွင့်အလမ်းများ တိုးတက် ရရှိလာစေရန် ဦးတည်ချက်များကိုလည်း ထည့်သွင်း သွားမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသား ပို့ကုန် မဟာဗျူဟာ ပထမ အကြိမ် Stakeholders’ Symposium (၂၀၂၀ -၂၀၂၅) အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ)
စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က အမျိုးသား ပို့ကုန် မဟာဗျူဟာ(၂၀၂၀ – ၂၀၂၅)အား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၏ အစ ကနဦး ဖြစ်သည့် Stakeholders’ Symposium တွင် အားလုံး၏ သဘောဆန္ဒ ရယူပြီး ပို့ကုန် ဖွံ့ဖြိုး တိုးတက်ရေး နှင့် အတူ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင်ပါ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး တို့ကို ဦးတည် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယနေ့ခေတ်တွင် နိုင်ငံတော်၏ စီးပွားရေး လုပ်ငန်းများ နိုင်ငံတကာ နှင့် အညီ ရင်ဘောင်တန်း ဆောင်ရွက်နိုင်ရန် e-Commerce အသုံးပြု ပေးချေမှု စနစ်များ ထွန်းကားပြီး လုပ်ငန်းရှင်တိုင်းနှင့် လူတိုင်းနီးပါး တွင်ကျယ်စွာ အသုံးပြုနိုင်ရန် လိုအပ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
e-Commerce Payment Platforms for Digital Economy ဆွေးနွေးပွဲ ကျင်းပစဉ်(ဆင်ဟွာ)
ယခုအခါ ဒီဂျစ်တယ် စီးပွားရေး ကဏ္ဍသည် အမျိုးသား ပို့ကုန် မဟာဗျူဟာ(၂၀၂၀ – ၂၀၂၅) တွင် ကဏ္ဍသစ် တစ်ရပ် အနေဖြင့် ထည့်သွင်း ထားသည့် အတွက် လုပ်ငန်း စီမံချက်များ ချမှတ်ပြီး စနစ်တကျ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
e-Commerce Payment Platforms for Digital Economy ဆွေးနွေးပွဲအား နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် e-Commerce Payment Platform အား လေ့လာနိုင်ရန်နှင့် ပြည်တွင်းရှိ Payment Platforms ဆိုင်ရာကိစ္စများကို Awareness ဖြစ်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)