Local
အမှတ်(၁၅) အကြီးစားစက်ရုံ(သာဂရ)မှ လူနာတင်ယာဉ် ၅၅ စီး ယခုနှစ်တွင် ထုတ်လုပ် သွားမည်

ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ)
အမှတ်(၁၅)အကြီးစားစက်ရုံ(သာဂရ)မှ လူနာတင်ယာဉ် ၅၅ စီးအား ယခုနှစ်တွင် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍကို အထောက်အကူ ပြုစေရန် ရည်ရွယ်၍ နိုင်ငံတကာ အဆင့်မီ Ambulance ယာဉ်များ တပ်ဆင် ထုတ်လုပ် သွားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်များနှင့် ကျွမ်းကျင်ပညာရှင်များ၏ အကြံပြု ချက်များ အတိုင်း Ambulance ယာဉ် (၄) စီးကို အဆင့်ဆင့် သုတေသန ပြု၍ အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့ကြောင်း စက်မှု ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက မတ် ၅ ရက်တွင် ပြုလုပ်သော Myanmar National Ambulance Guidelines နှင့် Ambulance စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထိုအစည်းအဝေးမှာ စက်မှုဝန်ကြီးဌာနမှ တပ်ဆင်ထုတ်လုပ်သော Ambulance ယာဉ်များ၏ အရည် အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ စစ်ဆေးအတည်ပြုနိုင်ရေးအတွက် Ambulance စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း တည်ထောင်နိုင်ရန် ညှိနှိုင်း အစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ Ambulance ယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းရေးလက်မှတ်များကို စနစ်တကျ ထုတ်ပေးရန် Ambulance စစ်ဆေးရေး အဖွဲ့ကို ဆက်စပ် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့ဝင် (၇)ဦး ဖြင့်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန၊ အမှတ် (၁၅) အကြီးစားစက်ရုံ(သာဂရ)တွင် Ambulance ယာဉ်(၄) စီးကို နိုင်ငံခြားမှ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်း၍ အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီး ထုတ်လုပ်ပြီးသော Ambulance ယာဉ်များနှင့်နောင် ထုတ်လုပ်မည့် ယာဉ်များကို နိုင်ငံတကာအဆင့်မီ အရည်အသွေးဖြစ်စေရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Commission on Accreditation of Ambulance Services (CAAS)အဖွဲ့၏ Standards and Guidelines များနှင့်အညီ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)