Connect with us

Local

အသေးစား ချေးငွေ ပြန်ဆပ်သည့် စနစ် ပြောင်းလဲရန် သက်ဆိုင်ရာ သမ အဖွဲ့များနှင့် ညှိသင့်

ရှမ်းပြည်နယ် နမ္မတူမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

သမဝါယမ ဦးစီးဌာန ၏ အသေးစား ငွေကြေး ဝန်ဆောင်မှု ချေးငွေ လုပ်ငန်းက အသင်းသား တောင်သူများအား China EXIM Bank ချေးငွေကို အဓိကထားပြီး ငွေထုတ်ချေးရာတွင် လက်ရှိ ကျင့်သုံးနေသည့် ခြောက်လ တစ်ကြိမ် တိုးရင်းပေါင်း ပြန်လည် ပေးဆပ်သည့် စနစ်ကို တစ်နှစ် တစ်ကြိမ် ပြန်လည် ပေးဆပ်သည့် စနစ်သို့ ပြောင်းလဲနိုင်ရေး အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် ခရိုင် မြို့နယ် သမဝါယမအသင်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ဖြေကြားခဲ့သည်။

နှစ်နိုင်ငံ သဘောတူ စာချုပ်အရ China EXIM Bank ကိုမူ နိုင်ငံတော်က ခြောက်လတစ်ကြိမ် ပေးဆပ်ရမည် ဖြစ်ပြီး သမဝါယမ အသေးစား ချေးငွေ လုပ်ငန်းနှင့် အသင်းသားတောင်သူများ အကြား တစ်နှစ် တစ်ကြိမ် ပြန်ဆပ်သည့် စနစ်ကို သုံးနိုင်ရေးအတွက် အသင်းသားများ၏ အစု၊ စုဆောင်းငွေများဖြင့် သက်ဆိုင်ရာ သမဝါမအသင်း၏ အဖွဲ့အစည်းများက ခြောက်လ တစ်ကြိမ် စိုက်ထုတ် ပေးဆပ်သည့် အခြေအနေမျိုး ဖြစ်လာအောင် ညှိနှိုင်းကြရန် ပြည်ထောင်စု ဝန်ကြီးက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ် ဇူလိုင်လတွင် China EXIM Bank မှ စတုတ္ထအကြိမ် ရရှိသည့် အမေရိကန် ဒေါ်လာ သန်း ၄၀၀ နှင့် အသင်းသားများ၏ စုဆောင်းငွေ စုစုပေါင်း ကျပ် ၄၀၃၇၁၇.၈၈၁ ကို ထုတ်ချေးခဲ့ရာတွင် အသင်းသား တောင်သူတို့က သတ်မှတ်ကာလ ခြောက်လအတွင်း အတိုးရော အရင်းပါ ရာနှုန်းပြည့် ပြန်ဆပ်ခဲ့ကြောင်း၊ ထိုဘဏ်မှ ပဉ္စမအကြိမ် ရရှိသည့် အမေရိကန် ဒေါ်လာ သန်း ၄၀၀ နှင့် အသင်းသားများ၏ အစု၊ စုဆောင်းငွေများဖြင့် တိုင်းဒေသကြီး ပြည်နယ် ၁၅ ခု၊ သမဝါယမအသင်း ၃၁၈၀၄ သင်း၊ အသင်းသား ၂၆၅၆၃၁၁ ဦးတို့အား ပံ့ပိုးငွေ ကျပ်သန်း ၃၇၆၆၇၀ ဒသမ ၁၂၇၊ ထုတ်ချေးငွေ ကျပ်သန်း ၄၆၃၂၉၄ ဒသမ ၁၉၇ တို့ကို ထုတ်ချေးပေးခဲ့ပြီး လာမည့် ၂၀၁၆ ဇွန်လ (ယခုလ) ကုန်တွင် အသင်းသားများထံမှ ပြန်လည် ကောက်ခံသွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာ အောင်သူက ရှင်းပြသည်။
ချေးငွေအား ခြောက်လ တစ်ကြိမ် ပြန်ဆပ်သည့် စနစ်မှာ ရာနှုန်းပြည့် အောင်မြင်နေသည်ဟု ၎င်းက ရှင်းပြသော်လည်း ရှမ်းပြည်နယ် နမ္မတူမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက “တကယ်တော့ လက်တွေ့ မြေပြင်က ဖြစ်ရပ်က အခု ပြည်ထောင်စု ဝန်ကြီး ပြောသလောက် အဆင်မပြေကြပါဘူး၊ ခြောက်လ တစ်ကြိမ် ပေးဆပ်နိုင်ဖို့အတွက် တောင်သူတွေဟာ သီးနှံ ပေးချိန် မဟုတ်တော့ မပေးနိုင်လို့အပြင်မှာ အတိုး ကြီးကြီးနဲ့ ငွေချေးပြီး ဆပ်ကြရတာပါ။ ဆင်းရဲတွင်းထဲ ရောက်နေတဲ့ ပြည်သူတွေကို ပြန်မတက်နိုင်အောင် ချောဆီ လောင်းသလို ဖြစ်နေပါတယ်။ ဒါကြောင့် ခြောက်လ တစ်ကြိမ်အစား တစ်နှစ် တစ်ကြိမ် ပြန်ဆပ်တဲ့ စနစ်ကို ပြောင်းစေချင်တာပါ” ဟု ထောက်ပြကာ မေးမြန်းခဲ့သည်။
ထို့အပြင် သူမက China EXIM Bank နှင့် စာချုပ်အရ ခြောက်လတစ်ကြိမ် မဖြစ်မနေ ပြန်ဆပ်ရသည် ဆိုလျှင်လည်း တောင်သူများ အခက်အခဲ ပြေလည်စေရန်၊ ဝန်ကြီးဌာနအနေဖြင်၊့ သို့မဟုတ် အစိုးရ အဖွဲ့အနေဖြင့် အစုငွေ၊ အမြတ်ငွေ တစ်ခုခုဖြင့် တောင်သူများအတွက် စိုက်ထုတ်ပေးနိုင်မလားဟု နောက်ဆက်တွဲ မေးခွန်း အဖြစ် ဆက်လက်မေးမြန်းခဲ့သည်။ ထို နောက်ဆက်တွဲ မေးခွန်းကို ဒေါက်တာ အောင်သူက ပြန်ဖြေရာတွင် သက်ဆိုင်ရာ သမဝါယမ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.