Local
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိ အာမခံကုမ္ပဏီ ၁၁ခု၏မတည်ရင်းနှီးငွေ ကျပ် ၆၇ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၁၂၇ သန်းကျော်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိ ပြည်တွင်း ပြည်ပ အာမခံကုမ္ပဏီ ၁၁ ခု၏မတည်ရင်းနှီးငွေ ကျပ် ၆၇ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၁၂၇ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၇ ရက် တွင် ဆင်ဟွာကိုပြောသည်။
အဆိုပါ အာမခံလုပ်ငန်း များ၏ မတည်ရင်းနှီးငွေ ပမာဏမှာ ဖက်စပ်အထွေထွေအာမခံသုံးခုမှ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၄၃ သန်းနှင့် ကျပ် ၅၆ ဒသမ ၇ ဘီလီယံ၊ ဖက်စပ် အသက်အာမခံကုမ္ပဏီသုံးခုမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၇ သန်းနှင့် ကျပ် ၁၀ ဒသမ ၆၁ ဘီလီယံ၊ နိုင်ငံခြားအသက်အာမခံ ကုမ္ပဏီငါးခုမှ အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၉ သန်း ဖြစ်သည့်အတွက် စုစုပေါင်း အာမခံကုမ္ပဏီ ၁၁ ခု၏ မတည်ရင်းနှီးငွေ သည် အမေရိကန် ဒေါ်လာ ၁၂၇ ဒသမ ၀၄၄ သန်းနှင့် ကျပ်ငွေ ၆၇ ဘီလီယံရှိကြောင်း သိရသည်။
ငွေရေးကြေးရေး စိစစ်ရေးကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပေးထား သည့် အာမခံကုမ္ပဏီများ၏ မတည်ရင်းနှီးငွေ ပမာဏမှာ ၁၂၇ ဒသမ ၀၄၄ သန်း ရရှိထားသည့်အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅၉ ဘီလီယံ၊ အထူး စီးပွားရေးဇုန် ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၁၀၂ သန်း ဖြစ်သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၁၃ ရက် အထိ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ် လာ ၂ ဒသမ ၈၂ ဘီလီယံ ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှထုတ်ပြန်သည့်စာရင်းဇယားများအရ သိရသည်။ (Xinhua)