Local
၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်ပစ္စည်းမက်ထရစ်တန် ၆၆၉,၆၈၅ ဒသမ ၂၉၁ တန် ပြည်ပသို့ တင်ပို့နိုင်ခဲ့

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန် ၆၆၉,၆၈၅ ဒသမ ၂၉၁ တန်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅၃ ဒသမ ၁၃၆ သန်းရရှိကာ ယခင်ဘဏ္ဍာနှစ်ထက် မက်ထရစ်တန် ၈၆,၀၀၈ ဒသမ ၉၃၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ၊ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၄ ဒသမ ၈၇၉ သန်း ပိုမိုရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေထွက် ကုန်ပစ္စည်း မက်ထရစ်တန် ၅၈၃,၆၇၆ ဒသမ ၃၅၄ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၂၈ ဒသမ ၂၅၇ သန်းဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က “COVID-19 ကာလပေမယ့်ရေထွကုန်ပစ္စည်းက ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ထက် အများကြီး ပိုတင်ပို့ခဲ့ရတယ်။ မြန်မာနိုင်ငံရဲ့ ရေထွက်ပစ္စည်းတင်ပို့မှု ပမာဏနဲ့ ဝင်ငွေက COVID-19 ကြောင့် ကြုံတွေ့ခဲ့ရတဲ့ အခက် အခဲကြားထဲကနေ စံချိန်တင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။COVID-19 အလွန်ကာလမှ ဈေးကွက်ပိုပြီး ကောင်းနိုင်တယ်လို့ခန့်မှန်းရပါတယ်’’ ဟု ဆင်ဟွာသို့ အောက်တိုဘာ ၁၅ ရက်တွင်ပြောသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်း များကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ တင်ပို့နေရပြီး ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ ဒုတိယအများဆုံး တင်ပို့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရ သည်။
မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းကဏ္ဍတွင် ရေချို၊ ရေငန် ဖမ်းဆီးရေးနှင့် ငါးပုစွန် မွေးမြူရေးလုပ်ငန်း (၃)ရပ်ဖြင့် ထုတ်လုပ်မှုများကို ဆောင်ရွက်လျက်ရှိပြီး သဘာဝကို အခြေခံသည့် ဖမ်းဆီးရေးလုပ်ငန်းများသည် ယုတ်လျော့လာ သည့် ငါးသယံဇာတအခြေအနေများကြောင့် တိုးမြှင့် ထုတ်လုပ်မှုထက် ထိန်းသိမ်းကာကွယ်သည့် နည်းလမ်း များဖြင့် ရေရှည်ထုတ်လုပ်နိုင်ရန် စနစ်တကျ ဆောင်ရွက် ရမည့် အခြေအနေသို့ ရောက်ရှိလျက်ရှိကြောင်း၎င်းကဆိုသည်။ (Xinhua)