Connect with us

Business

ရန်ကုန်စတော့ခ်အိတ်ချိန်းမှ စာရင်းဝင်အကြိုဈေးကွက် တည်ထောင်ရန် စီစဉ်လျက်ရှိ

စာရင်းဝင်အကြိုဈေးကွက် Pre Listing Board (PLB) နှင့် ပတ်သက်၍ ဖိတ်ခေါ်မှုကြေညာချက်အား တွေ့ရစဉ် (ဓာတ်ပုံ- YSX)

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်စတော့ခ်အိတ်ချိန်း (YSX) အနေဖြင့် လက်ရှိဆောင်ရွက်နေသည့် စာရင်းဝင်ဈေးကွက် (Main Board) အပြင် စာရင်းဝင်အကြိုဈေးကွက် Pre Listing Board (PLB) ကို မကြာမီကာလအတွင်း တည်ထောင်သွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်စတော့ခ်အိတ်ချိန်းမှ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ဆင်ဟွာသို့ ယနေ့ ဇွန် ၁၇ ရက်တွင် ပြောသည်။

ဦးသက်ထွန်းဦးက “စာရင်းဝင်အကြိုဈေးကွက် Pre Listing Board ဈေးကွက် တည်ထောင်ခြင်းအားဖြင့် လက်ရှိရောင်းဝယ်နေတဲ့ စာရင်းဝင်ဈေးကွက် (Main Board) မှာ စာရင်းဝင်စံတွေနဲ့မပြည့်သေးတဲ့ ကုမ္ပဏီများအတွက် အရောင်းအဝယ်ပြုလုပ်နိုင်ဖို့ ဆောင်ရွက်ထားတဲ့ ဒုတိယဈေးကွက်တစ်ခုဖြစ်ပါတယ်’’ ဟု ပြောသည်။

အဆိုပါ စာရင်းဝင်အကြိုဈေးကွက် (Pre Listing Board) အား တည်ထောင်ပြီးပါက စတော့ခ် ဈေးကွက် ပိုမိုအသက်ဝင်လာနိုင်ကြောင်း ၎င်းကဆိုသည်။
“ဒီ PLB ကိုတည်ထောင်ခြင်းရဲ့ ရည်ရွယ်ချက်တွေကတော့ မြန်မာနိုင်ငံရဲ့ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ပြီးတော့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အထောက်အကူဖြစ်စေဖို့၊ အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတွေအနေနဲ့ အများပြည်သူကို ရှယ်ယာတွေထုတ်ဝေ ရောင်းချပြီးတော့ စတော့ခ်ဈေးကွက်ကို အလွယ်တကူဝင်ရောက်လာစေဖို့၊ ရန်ကုန် စတော့ခ်အိတ်ချိန်းရဲ့ စာရင်းဝင်စံ တွေနဲ့ ပြည့်စုံနေတဲ့ကုမ္ပဏီတွေအနေနဲ့ဈေးကွက်ထဲကိုဝင်ရောက်ပြီးတော့ ရောင်းဝယ်ဖောက်ကားနိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ကုမ္ပဏီများအနေဖြင့် Pre Listing Board တွင် register ပြုလုပ် ထားမည်ဆို ပါက မိမိကုမ္ပဏီ၏ ရှယ်ယာများ ကို ရင်းနှီးမြှုပ်နှံသူများကရန်ကုန်စတော့ခ်အိတ်ချိန်း၏ trading platform ကနေတစ်ဆင့်အဆင်ပြေလွယ်ကူစွာ အရောင်းအဝယ် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

“ဒီ PLB နဲ့ ပတ်သက်ပြီး ဘယ်နေ့ဘယ်ရက်တည်ထောင်မယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက် တွေကို သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ဖို့ ရှိပါတယ်’’ ဟု ၎င်းက ဆက်ပြောသည်။ (Xinhua)