Connect with us

Economy

ခေတ်သစ်ပိုးလမ်းမကြီးနှင့် ယန်ဇီမြစ်စီးပွားရေးလမ်းမကြီးတို့ပေါင်းစည်း၍ ရွှေရောင်အခွင့်အလမ်းများဖန်တီး

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့ ရှိ ကော်ယွင်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် တရုတ်-ဥရောပ ကုန်တင်ရထား တစ်စင်းအား ၂၀၁၈ခုနှစ် ဒီဇင်ဘာ က တွေ့ရစဉ် (Photo provided by interviewee)

ချုံချင့်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ပို့ဆောင်ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုနှင့် စီမံကိန်းတစ်ခုပူးပေါင်းဆောင်ရွက်ရန်အတွက် Akos Kovacs တစ်ယောက် စိတ်လှုပ်ရှားလျက်ရှိနေပါသည်။

၎င်းကိုယ်တိုင်လည်း ဟန်ဂေရီနိုင်ငံ ပို့ဆောင်ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုမှ အထွေထွေမန်နေဂျာဖြစ်သူ Akos Kovacs က “ကျွန်တော့်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီက လတ်ဆတ်တဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို တရုတ်နိုင်ငံသို့ တရုတ်-ဥရောပ ကုန်တင်ရထားများနဲ့တင်ပို့ဖို့ စီစဉ်ထားတဲ့အတွက် ယခုလိုချုံချင့်မြို့သို့ လာရောက်ရခြင်းဖြစ်တယ်။ ဒါ့အပြင် ချုံချင့်မြို့ရဲ့ အချက်အချာကျတဲ့တည်နေရာကြောင့်လည်း ကျွန်တော့်ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အရှေ့ဘက်ပင်လယ်ကမ်းရိုးတန်းသို့ သယ်ဆောင်လာချင်ပါတယ်” ဟုပြောကြားခဲ့သည်။

ချုံချင့်မြို့သည် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ အရေးပါအရာရောက်သော ဧရိယာတစ်ခုဖြစ်ရုံသာမက ကမ္ဘာ့တတိယအရှည်ဆုံးနှင့် တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သော ၆,၃၀၀ ကီလိုမီတာရှည်လျားသည့် ယန်ဇီမြစ်၏ အထက်ပိုင်း အချက်အချာတွင်တည်ရှိသော မြို့တစ်မြို့လည်းဖြစ်သည်။ Kovacs က ၎င်းနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများသည် တရုတ်-ဥရောပ ကုန်တင်ရထားများဖြင့် တရုတ်နိုင်ငံ၏ ကျယ်ဝန်းသော အနောက်ဘက် ကုန်တွင်းပိုင်းသို့ ရောက်ရှိနိုင်သည့်အပြင် ယန်ဇီမြစ်တစ်လျှောက် ရေကြောင်းခရီးဖြင့်လည်း တရုတ်၏ အရှေ့ဘက်ဧရိယာများသို့ ရောက်ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

၎င်းက “ယခုပြောနေတဲ့အကြောင်းအရာတွေဟာ ကြီးမားတဲ့ဈေးကွက်တစ်ခုအကြောင်းဖြစ်ပြီး ကုန်ဈေးနှုန်းတွေ လျော့နည်းသွားနိုင်သလို ပို့ဆောင်ချိန်တွေလည်း တိုတောင်းသွားနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။

ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုနှင့် ယန်ဇီမြစ်စီးပွားရေးလမ်းမကြီးတို့ ပေါင်းစည်းရာမှ လူပေါင်းများစွာ အကျိုးအမြတ်ခံစားရမည်ဖြစ်သည်။

နိုင်ငံတကာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်အား ပေကျင်းမြို့၌ ဧပြီလနှောင်းပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အစိုးရခေါင်းဆောင် ၄၀ ဦးခန့် အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သည်။ အဆိုပါဖိုရမ်သည် ခေတ်သစ်ပိုးလမ်းမကြီးဖွံ့ဖြိုးတိုးတက်မှုအတွင်းပါဝင်ကြသော နိုင်ငံများအကြား ပြည်သူအချင်းချင်းဆက်သွယ်မှုကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ထားသည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့ ရှိ ကော်ယွင်ဆိပ်ကမ်းအား ကောင်းကင်မှ တွေ့မြင်ရစဉ် (Xinhua/Tang Yi)

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် ၁၇၁ ခုကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံပေါင်း ၁၅၀ ကျော်နှင့် ချုပ်ဆိုနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ယန်ဇီမြစ်စီးပွားရေးလမ်းမကြီးသည် တရုတ်နိုင်ငံ၏ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော မဟာဗျူဟာတစ်ခုဖြစ်လာသည်။

ယန်ဇီမြစ်စီးပွားရေးလမ်းမကြီးသည် မြစ်တစ်လျှောက်ရှိ နယ်မြေများ နှင့် ပြည်နယ် ၁၁ ခု ကို လွှမ်းခြုံထားပြီး တရုတ်နိုင်ငံ၏ မြေဧရိယာစုစုပေါင်း ၂၀ ရာခိုင်နှုန်းခန့်ကိုလည်း လွှမ်းခြုံထားလေသည်။ ယင်းလမ်းမကြီးသည် ပြည်သူပေါင်း သန်း ၆၀၀ ခန့် ၏ မှီခိုနေထိုင်ရာဖြစ်ပြီး နိုင်ငံ၏စုစုပေါင်းစီးပွားရေးလုပ်ငန်း၏ ၄၀ ရာခိုင်နှုန်း ကျော် တည်ရှိရာနေရာလည်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ၏အဓိကကျသော ထုတ်လုပ်ရေး အခြေစိုက်လုပ်ငန်းများ၊ ငွေကြေးစင်တာများ၊ လွတ်လပ်သောကုန်သွယ်ရေးဇုန်များနှင့် ဈေးကွက်ကြီးများကို ဖြည့်ဆည်းပေးသော နေရာလည်းဖြစ်သည်။

ချုံချင့်နည်းပညာနှင့် စီးပွားရေးတက္ကသိုလ်မှ လီကျင့် ဆိုသူက “ခေတ်သစ်ပိုးလမ်းမကြီးနဲ့ ယန်ဇီမြစ်စီးပွားရေးလမ်းမကြီးတို့ ပေါင်းစည်းမှုဟာ ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု ကိုယ်တိုင်အတွက် စွမ်းအားပြင်းတဲ့မောင်းနှင်မှုတစ်ခု ဖြစ်လာစေပါတယ်။ ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများနဲ့ ဒေသများဟာလည်း ယန်ဇီမြစ်စီးပွားရေးလမ်းမကြီးက ယူဆောင်ပေးလာမဲ့ အကျိုးအမြတ်များကို ခံစားရမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့ ရှိ ကုန်သွယ်ရေးစင်တာ ရှိ သွင်းကုန် ကုန်စည်များကို အားပေးနေသည့် ဈေးဝယ်သူများကို တွေ့ရစဉ် (Photo provided by interviewee)

တရုတ်နိုင်ငံအနောက်ပိုင်းဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ၏ အဓိကကျသော တည်နေရာဖြစ်သော ချုံချင့်မြို့သည် ခေတ်သစ်ပိုးလမ်းမကြီးနှင့် ယန်ဇီမြစ်စီးပွားရေးလမ်းမကြီးတို့ ဆက်သွယ်သည့် အမှတ်ပေါ်တွင် တည်ရှိနေပြီး တရုတ်နိုင်ငံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတံခါးဖွင့်ခြင်းတွင် ထူးခြားသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည်။

အဆိုပါမြို့သည် အရှေ့ဘက်ကမ်းရိုးတန်းဒေသအား ယန်ဇီမြစ်ဖြင့်လည်းကောင်း၊ ဥရောပတိုက်အား တရုတ်-ဥရောပ ကုန်တင်ရထားများဖြင့်လည်းကောင်း ဆက်သွယ်ထားရုံသာမက အရှေ့တောင်အာရှအား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်ကျိုးမြို့မှတစ်ဆင့် သွားရောက်နိုင်ပြီး မြောက်ဘက်ပိုင်းရှိ ရုရှားသို့ ချုံချင့်မြို့မှရထားများဖြင့် ကုန်ပစ္စည်းများသယ်ဆောင်သွားနိုင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် တရုတ်-ဥရောပ ရထားတစ်စင်းသည် ချုံချင့်မြို့နှင့် ယန်ဇီမြစ်တစ်လျှောက်ရှိ အခြားဧရိယာများမှ ကုန်ပစ္စည်းများကို သယ်ဆောင်၍ ဂျာမနီနိုင်ငံ Duisburg မြို့သို့ ထွက်ခွာခဲ့သည်။ မကြာသေးမီကာလကလည်း တရုတ်-ဥရောပရထားတစ်စင်းသည် ဂျာမနီနိုင်ငံ မှ ကုန်ပစ္စည်းများကိုသယ်ဆောင်၍ ယန်ဇီမြစ်အောက်ပိုင်းရှိ ဝူဟန် နှင့် ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးများသို့ ကုန်ပစ္စည်းများ ဖြန့်ဖြူးရန် ချုံချင့်မြို့ရှိ ကော်ယွမ်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။ အလားတူ ရထားများ ဆိုက်ရောက်လာရန်အတွက်လည်း စီစဉ်နေကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ချုံချင့်မြို့ရှိ ကုန်သွယ်ရေးစင်တာတွင် ရုရှား၊ အီတလီနှင့် ပြင်သစ်နိုင်ငံများအပါအဝင် ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံပေါင်း ၄၀ ကျော်မှ ကုန်စည် ၄၅,၀၀၀ ခန့် တွေ့ရှိနိုင်ပြီး ယင်းကုန်စည်များအား ချုံချင့်မြို့သို့ တရုတ်-ဥရောပ ရထားများ (သို့) ယန်ဇီမြစ်ကြောင်း (သို့) လေကြောင်းဖြင့် ပို့ဆောင်လာခြင်းဖြစ်သည်။

သယ်ယူပို့ဆောင်ရေးနည်းလမ်းများစွာ၏ ယှဉ်တွဲနေမှုကိုရည်ညွှန်း၍ ရုရှားပြခန်းတာဝန်ခံလျူလျောက်မင်ကပြောကြားခဲ့ရာ၌ ” ပို့ဆောင်မှုအချိန်အားဖြင့် ပိုမိုမြန်ဆန်ရန်ဂရုပြုဖို့ လိုမယ့်ပင်လယ်သခွားသီးနဲ့ပျားရည်လို ထုတ်ကုန်တွေကိုတော့ တရုတ်-ဥရောပရထားနဲ့တင်ပို့နိုင်ပြီး နေကြာစေ့ဆီလိုကုန်ပစ္စည်းမျိုးကိုတော့ ပို့ဆောင်ရာမှာပိုမိုနှေးကွေးပေမယ့် စရိတ်သက်သာမယ့်ရေကြောင်းလမ်းနဲ့ပို့နိုင်တာပေါ့” ဟုပြောကြားခဲ့သည်။

ဟန်ဂေရီ စီးပွားရေးလုပ်ငန်းရှင် Akos Kovacs က ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု နှင့် ယန်ဇီမြစ်စီးပွားရေး လမ်းမကြီးသည် ၎င်း၏နိုင်ငံတွင် ပိုလျှံနေသည့် ပန်းသီးကဲ့သို့သော စိုက်ပျိုးရေးထုတ်ကုန်မျိုးကိုသုံးစွဲပေးရန် ကြီးမားစွာကူညီပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ကုန်သွယ်ရေးစင်တာတွင် ပြသထားသော ကင်ညာနိုင်ငံမှ ထွက်ကုန်ပစ္စည်းပြခန်းအားတွေ့ရစဉ် (Xinhua/Chen Aiping)

ယခုအခါတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း နယ်မြေအတော်များများမှာ စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် ပိုးလမ်းမကြီးဖော်ဆောင်မှုနှင့် ယန်ဇီမြစ်စီးပွားရေးလမ်းကြောင်းတို့ နှစ်ခုစလုံးမှ ယှဉ်တွဲအကျိုးသက်ရောက်မှုကိုခံစားနေရကြောင်း တွေ့ရပေမည်။ ဥပမာအားဖြင့် အာဏာပိုင်များကနိုင်ငံ အလယ်ပိုင်းဟူဘေးပြည်နယ်အား ခေတ်သစ်ပိုးလမ်းမကြီးနှင့်ချိတ်ဆက်မည့် အချက်အခြာမြို့တစ်မြို့ဖြစ်လာစေရန် တည်ဆောက်ရေးစီမံချက်ချထားသလို ယန်ဇီမြစ်စီးပွားရေးလမ်းကြောင်း၏ အလယ်ဗဟိုနှင့်လည်း ဆက်သွယ်ရန်ဆောင်ရွက်နေသည်။

ချုံချင့်နည်းပညာနှင့် စီးပွားရေးတက္ကသိုလ်မှ လီကျင့်က ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုနှင့် ယန်ဇီမြစ်စီးပွားရေးလမ်းမကြီးအကြား ဖွံ့ဖြိုးတိုးတက်မှု နေရာများပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း နှင့် ရွှေရောင်အခွင့်အလမ်းများလည်း ပေါ်ထွက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)