Environment, Disasters & Accidents
တရုတ် ပန်ဒါ စုံတွဲ တောင်ကိုရီးယားသွားမည်
ချန်ဒူ၊ မတ် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ပန်ဒါ အထီး၊ အမ တစ်စုံသည် ၁၅ နှစ်တာ ငှားရမ်းမှုအနေဖြင့် ၎င်းတို့၏ နေအိမ်သစ် တည်ရှိရာ တောင်ကိုရီးယားသို့ မတ်လ ၃ ရက်တွင် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
ယွမ်ရှင်းနှင့် ဟွာနီး အမည်ရှိ ပန်ဒါ စုံတွဲသည် မတ်လ ၃ ရက် နံနက်ပိုင်းတွင် ကိုရီးယား လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချန်ဒူမြို့မှ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံ ပန်ဒါ ကြီးမျိုး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သုတေသန စင်တာ (CCRCGP) က ဆင်ဟွာသို့ ဖေဖော်ဝါရီလ ၂၉ ရက်က ပြောသည်။
၎င်းတို့၏ နေအိမ်အသစ်မှာ ဆိုးလ်မြို့မှ ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာ၌ ရှိသည့် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး အပန်းဖြေ ဥယျာဉ် Everland ရှိ စတုရန်းမီတာ ၃၃၀၀ ကျယ်ဝန်းသော နေအိမ် ဖြစ်သည်။
၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တောင်ကိုရီးယားသို့ သွားရောက် ခဲ့စဉ်က ပန်ဒါသုတေသန ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံ ကတိပြုထားခဲ့သလို လွန်ခဲ့သည့်နှစ် တရုတ် ဝန်ကြီး ချုပ် လီခဲ့ချန်၏ ခရီးစဉ်အတွင်း ထိုငှားရမ်းမှုအား သဘောတူခဲ့ခြင်း ဖြစ်သည်။
အသက် ၃ နှစ်အရွယ် ပန်ဒါအထီး ယွမ်ရှင်းက ထက်မြက် ဖော်ရွေမှုရှိသလို အသက် ၂ နှစ်အရွယ် ပန်ဒါအမ ဟွာနီးကလည်း အနည်းငယ် သီးသန့်နေတတ်သော်လည်း သိမ်မွေ့လိမ္မာသော ပန်ဒါမလေး ဖြစ်ကြောင်း စင်တာက ဖော်ညွှန်းထားသည်။
ယင်း ပန်ဒါ စုံတွဲအား တစ်လတာအတွင်း ကူးစက်ရောဂါ ရှိမရှိ ကျန်းမာရေးစစ်ဆေးမှုပေါင်းများစွာ လုပ်ဆောင် ခဲ့ပြီး ပန်ဒါ နှစ်ကောင်လုံးမှာ အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။ (Xinhua)