Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့ မဟာဗျူဟာမြောက်ဆွေးနွေးပွဲပြုလုပ်

အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်ဖတ်တာ အယ်-စီစီ (ယာမှပထမမြောက်) နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲမှတတိယမြောက်) တို့ ဇန်နဝါရီ ၈ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry တို့သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဇန်နဝါရီ ၈ ရက်က တွေ့ဆုံကာ မဟာဗျူဟာမြောက် သံတမန်ဆက်ဆံရေး ဆွေးနွေးမှုတစ်ခု ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်ဖတ်တာ အယ်-စီစီ (Abdel-Fattah al-Sisi) တို့၏ လမ်းညွှန်မှုအောက်တွင် နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးသည် တိုးတက်မှုအလျဉ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။ဖွံ့ဖြိုးဆဲနိုင်ငံကြီးနှစ်ခုနှင့် ပေါ်ထွန်းစဈေးကွက်များ ကိုယ်စားပြုနိုင်ငံနှစ်ခုအဖြစ် တရုတ်နှင့် အီဂျစ်သည် စိန်ခေါ်မှုများကို မျှဝေရင်ဆိုင်ရင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဆက်လက်၍ ဝမ်က တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံနှင့် ကံကြမ္မာအကျိုးတူ တရုတ်-အီဂျစ် အသိုက်အဝန်းတစ်ခု ပူးတွဲတည်ထောင်ရန် နည်းလမ်းများ ရှာဖွေရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။ထို့ပြင် နှစ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးတွဲတည်ဆောက်ရာတွင် ပိုမိုမြှင့်တင်ရန်၊ ကုန်ထုတ်လုပ်မှုစွမ်းရည်၊ ကုန်သွယ်ရေးနှင့် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဘေးကင်းလုံခြုံရေး စသည့်နယ်ပယ်များစွာ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လည်း ဝမ်က တိုက်တွန်းခဲ့သည်။အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry ကလည်း အီဂျစ်အနေဖြင့် တရုတ်နှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိထားသည့်သဘောတူညီမှုကို အကောင်အထည်ဖော်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးတွဲတည်ဆောက်မှု မြှင့်တင်ရန်နှင့် နိုင်ငံစုံပါဝင်မှုရေးရာများတွင် ဆက်သွယ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာစေရေး လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။ထို့နောက် ၎င်းတို့သည် လစ်ဗျားနှင့် ဆီးရီးယား၊ အီရန် နျူကလီးယားကိစ္စ အပါအဝင် ဒေသတွင်း အရေးပါသော ကိစ္စများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)