Connect with us

Politics, Law & Military

တရုတ်နှင့် ဂျပန် ဘဏ္ဍာရေး ဝန်ကြီးများ တွေ့ဆုံ ပွဲတွင် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေး

(၅) ကြိမ်မြောက် တရုတ်-ဂျပန် ဘဏ္ဍာရေး ဝန်ကြီးများ ဆွေးနွေးပွဲကို ပေကျင်းမြို့ DiaoYuTai နိုင်ငံတော် ဧည့်ဂေဟာတွင် ဇွန်လ ၆ ရက်နေ့က ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

၅ ကြိမ်မြောက် တရုတ်-ဂျပန် ဘဏ္ဍာရေး ဝန်ကြီးများ ဆွေးနွေးပွဲကို တရုတ်နှင့် ဂျပန်တို့၏ တင်းမာနေသည့် ဆက်ဆံရေးကြောင့် ကျင်းပနိုင်ရန် ၂ နှစ်ခန့် နှောင့်နှေးနေခဲ့ရာမှ ဇွန်လ ၆ ရက် နေ့တွင် ပေကျင်း၌ ပြန်လည် ကျင်းပနိုင်ခဲ့သည်။

ဆွေးနွေးပွဲတွင် တရုတ် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး Lou Jiwei နှင့် ဂျပန် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် ဘဏ္ဍာရေး ဝန်ကြီး Taro Aso တို့ တွေ့ဆုံခဲ့ပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ၊ ဘဏ္ဍာရေးနှင့် အပြည်ပြည်ဆိုင်ရာ အရေး ကိစ္စများကို ဆွေးနွေး ခဲ့ကြသည်။

နှစ်နိုင်ငံ ဝန်ကြီးများသည် လက်တွေ့ကျသည့် ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှုများ ၊ ပိုမို ကောင်းမွန်သည့် ခန့်မှန်းခြေ ရသုံးငွေ စာရင်း မူဝါဒများ ၊ အခွန် ဆိုင်ရာ ၊ လူမှု ဖူလုံရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ၊ အကြွေး စီမံခန့်ခွဲမှု ဆိုင်ရာ ၊ ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ၊ စီးပွားရေး ၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံ မှု တို့တွင် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် စသည်တို့ကို အလေးထား ဆွေးနွေး ခဲ့ကြသည်။

အာရှတွင် အရေးပါသော နိုင်ငံများဖြစ်သည့် တရုတ်နှင့် ဂျပန် တို့သည် အရှေ့အာရှ ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရန် ကတိပြုခဲ့ပြီး အာဆီယံ+၃ နိုင်ငံ (အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား) ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း ဆောင်ရွက်ရန် ဆွေးနွေး ခဲ့ကြသည်။

နှစ်နိုင်ငံ အနေဖြင့် အာရှတွင် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖွံံ့ဖြိုးမှုဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

Lou နှင့် Aso တို့ သည် ၆ ကြိမ် မြောက် ဘဏ္ဍာရေး ဝန်ကြီးများ ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်တွင် တိုကျို၌ ကျင်းပရန် သဘောတူညီ ခဲ့ကြသည်။

၄ ကြိမ်မြောက် ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် တွင် တိုကျို၌ ကျင်းပခဲ့သည်။ အစီအစဉ်အရ ၅ ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၃ ခုနှစ်တွင် ပေကျင်း၌ ပြုလုပ်ရမည် ဖြစ်သော်လည်း နှစ်ဖက် အကြား သဘောထား ကွဲလွဲ သောကြောင့် နောက်တစ်ကြိမ် ဆွေးနွေးပွဲကျင်းပရန်မှာ ကြန့်ကြာ ခဲ့ခြင်းဖြစ်သည်။

ယခု ဆွေးနွေး ပွဲကျင်းပနိုင်ခြင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အကောင်းဘက်သို့ ဦးတည်လာနေကြောင်း သိရသည်။ (Xinhua)