Connect with us

Politics, Law & Military

တရုတ်မီဒီယာများပေါ် အမေရိကန်နိုင်ငံက နိုင်ငံရေးအရ ဖိနှိပ်မှု ပြုလုပ်နေခြင်းအား ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ အမေရိကန်အလံများ လွှင့်ထူထားသည်ကို ဧပြီ ၂၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ သတင်းသမားများအတွက် ရက်ပေါင်း ၉၀ နေထိုင်ခွင့် ဗီဇာကန့်သတ်မှု ပြုလုပ်ရန် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် အလွန်အမင်း စိတ်ပျက်ရကြောင်း နှင့် ကန့်ကွက်ရှုံ့ချကြောင်း တရုတ်နိုင်ငံက မေ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်း(Zhao Lijian) က ယမနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် မီဒီယာ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏ မှားယွင်းသော လုပ်ဆောင်ချက်များကို အမြန်ဆုံး အမှန်ပြုပြင်သွားရန်တောင်းဆိုခဲ့ပြီး ယင်းသို့မဟုတ်ပါက တရုတ်နိုင်ငံအနေဖြင့် အလားတူ တုံ့ပြန်ဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြောခွင့်ရပုဂ္ဂိုလ် ကျောက်က လက်ရှိကာလတွင် အမေရိကန်နိုင်ငံသည် စစ်အေးခေတ်အမူအကျင့် နှင့် အယူအဆကို လက်ကိုင်စွဲ ပြုမူဆောင်ရွက်နေပြီး တရုတ်မီဒီယာများအပေါ် ဆန့်ကျင်သည့် လုပ်ဆောင်မှုများ ပြုလုပ်ပြီးနောက်တွင် ဖိနှိပ်မှုကို တန်ဖန်ထပ်မံ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် အမေရိကန်နိုင်ငံက ၎င်း၏နိုင်ငံအတွင်းလုပ်ကိုင်နေသည့် တရုတ်မီဒီယာတစ်ခုကို “ နိုင်ငံခြားအေးဂျင့်” အဖြစ်မှတ်ပုံတင်ရန်တောင်းဆိုခဲ့ကြောင်း ကျောက်က ပြောကြားခဲ့သည်။ ထို့ပြင် ၂၀၁၈ ခုနှစ်မှ စတင်ကာ အမေရိကန်နိုင်ငံသည် အကြောင်းတရားမရှိဘဲ အမေရိကန်နိုင်ငံအခြေစိုက် တရုတ်သတင်းသမား၂၀ ကျော်ကို ပြည်ဝင်ခွင့် ဗီဇာ ငြင်းဆိုခဲ့ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် အမေရိကန်နိုင်ငံက တရုတ်မီဒီယာ ငါးခုကို အမေရိကန်တွင် ဝင်ရောက်လုပ်ကိုင်နေသော “ နိုင်ငံခြားမစ်ရှင်” အဖြစ် သတ်မှတ်ခဲ့ပြီး အဆိုပါ မီဒီယာများ၏ ဝန်ထမ်းဦးရေကို ဖြတ်တောက်ကန့်သတ်မှု လုပ်ခဲ့သလို တရုတ်သတင်းသမား ၆၀ ကိုလည်း နိုင်ငံမှ ထွက်ခွာစေခဲ့သည်။

“ အခုလည်း ဗီဇာကန့်သတ်ချက်တွေနဲ့ ခွဲခြားဆက်ဆံမှုတွေ လုပ်နေပြန်ပါပြီး ၊ အမေရိကန်မှာ ပုံမှန်သတင်းရေးသားဖော်ပြမှုလုပ်တဲ့ တရုတ်မီဒီယာတွေကို ကြိမ်ဖန်များစွာ နှောက်ယှက်မှုတွေလုပ်တယ် ၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်းအကြား အပြန်အလှန်ဖလှယ်မှုအတွက် နှစ်ဖက်ဆက်ဆံရေးကို ထိခိုက်စေပါတယ်” ဟု ကျောက် ကဆိုသည်။

အပြန်အလှန် တန်းတူ ပြုမူကျင့်သုံးရေးကို အမေရိကန်နိုင်ငံက အစဉ်အမြဲပြောဆိုနေခဲ့သည်။ တရုတ်နိုင်ငံတွင်ရှိနေသော အမေရိကန်သတင်းသမားအများစုကို သတင်းသမားကဒ်များ နှင့် တစ်နှစ်နေထိုင်ခွင့် ပါမစ်ကို တရုတ်နိုင်ငံကဘက်က ထုတ်ပေးခဲ့သော်လည်း အမေရိကန်အစိုးရမှ ထုတ်ပြန်လိုက်သော စည်းမျဉ်းစည်းကမ်းသစ်များအရ တရုတ်သတင်းသမားများသည် အမေရိကန်နိုင်ငံတွင် ရက်ပေါင်း ၉၀ နေထိုင်ခွင့်ရှိသည့် ဗီဇာကိုသာ ရရှိနိုင်ခြင်းမှာ မညီမျှမှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရခြင်းပင်ဖြစ်သည်။

“ အဲဒီမှာ ဘာ အပြန်အလှန် တန်းတူညီမျှမှု ရှိလို့လဲ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။“ အမေရိကန်နိုင်ငံဟာ သတင်းလွတ်လပ်ခွင့် နဲ့ မီဒီယာပွင့်လင်းမြင်သာမှု ရှိတယ်ဆိုပြီး ကိုယ့်ကိုယ်ကို အမြဲ ဝံ့ကြွားခဲ့တယ် ၊ ဒါပေမယ့် တရုတ်မီဒီယာရဲ့ သတင်းဖော်ပြချက်တွေကို သူတို့ ဘာကြောင့် သိပ်ကို ကြောက်လန့်နေကြလဲ” ဟု ကျောက်က မေးခွန်းထုတ်ခဲ့သည်။

အမေရိကန်နိုင်ငံ၏ အပြန်အလှန် တန်းတူ ပြုမူကျင့်သုံးရေး သဘောသဘာဝသည် တရုတ်နိုင်ငံအပေါ် တစ်ဖက်သတ်ပြုလုပ်မှု ၊ ခွဲခြားဆက်ဆံမှု နှင့် အယူအဆမတူလျှင် လက်မခံမှုပင်ဖြစ်ပြီး တရုတ်မီဒီယာများအပေါ် နိုင်ငံရေးအရ ဖိနှိပ်မှု ပြုလုပ်ခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)