Connect with us

Politics, Law & Military

တရုတ်နိုင်ငံမှ သတင်းစာဆရာများ၏ ဗီဇာကို အမေရိကန်နိုင်ငံမှ  ရက်ပေါင်း ၉၀ ကန့်သတ်ခြင်းအပေါ် ဆင်ဟွာအနေဖြင့် အပြင်းအထန် ကန့်ကွက်

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ သတင်းစာဆရာများ၏ ဗီဇာကို ရက်ပေါင်း ၉၀ ကန့်သတ်လိုက်သည်ဟူသော အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် အပြင်းအထန် ရှုတ်ချကြောင်းနှင့် အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ၏ ဆင်ဟွာသတင်းဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ ချမှတ်လိုက်သော အဆိုပါ ဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံမှ သတင်းစာဆရာများအပေါ် ခွဲခြားဆက်ဆံပြုမူခြင်းနှင့် ဖိနှိပ်ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံမှ အယောင်ဆောင် “သတင်းလွတ်လပ်ခွင့်” ကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

ဆင်ဟွာသတင်းဌာနသည် နိုင်ငံတကာမှ လူသိများကျော်ကြားသော သတင်းဌာနကြီးတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံထားရသည့် သတင်းဌာနတစ်ခုဖြစ်သည်။ ဆင်ဟွာ၏ အမေရိကန် အခြေစိုက် သတင်းစာဆရာများသည် အမေရိကန်နိုင်ငံ၏ စည်းမျဉ်းဥပဒေများကို တင်းတင်းကြပ်ကြပ် လိုက်နာလျက်ရှိပြီး ဓမ္မဓိဌာန်ကျကျ၊ မျှတ မှန်ကန် တိကျသော စည်းမျဉ်းများကို အခြေခံ၍ အမေရိကန်နှင့်သက်ဆိုင်သော သတင်းများကို ရေးသားထုတ်ပြန်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

မကြာသေးမီက အမေရိကန်နိုင်ငံက တရုတ်နိုင်ငံမှ မီဒီယာများအပေါ် ၎င်း၏ကန့်သတ်မှုများနှင့် ဖိနှိပ်မှုများ အရှိန်မြှင့်တင်ခြင်းသည် အမေရိကန် အခြေစိုက် ဆင်ဟွာဝန်ထမ်းများ၏ လုပ်ငန်းခွင်နှင့် ဘဝများအား ဆိုးဝါးစွာကြားဝင်စွက်ဖက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ဆင်ဟွာသတင်းထောက်များစွာအနေဖြင့် တရုတ်နိုင်ငံတွင် အားလပ်ရက်များပြီးနောက် ၎င်းတို့၏ တာဝန်များထမ်းဆောင်ရန် အမေရိကန်နိုင်ငံသို့ ပြန်သွားရန်နှင့် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားချိန်တွင် အမေရိကန်မှ ရည်ရွယ်ချက်ရှိရှိစီစဉ်ထားသည့်အတိုင်း ခက်ခဲမှုများနှင့် ကြုံတွေ့ရလျက်ရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် အမေရိကန်နိုင်ငံ အခြေစိုက် ဆင်ဟွာအပါအဝင် တရုတ်နိုင်ငံမှ မီဒီယာရုံးငါးခုကို  နိုင်ငံခြားမစ်ရှင်များအဖြစ် သတ်မှတ်ခဲ့ပြီး အမေရိကန်ရှိ တရုတ်သတင်းစာဆရာများကိုလည်း တရားမဝင်စွာဖြင့် နှင်ထုတ်ရန် တွန်းအားပေးလျက်ရှိသည်။

ထို့ကြောင်း အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏ မှားယွင်းသောဆုံးဖြတ်ချက်ကို ချက်ချင်းရုပ်သိမ်းပေးရန်၊ အမေရိကန်အခြေစိုက် ဆင်ဟွာရုံးများနှင့် ဝန်ထမ်းများကို သတင်းရယူတင်ပို့ရာတွင် ၎င်းတို့၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို အာမခံပေးရန်အတွက် ဖိနှိပ်ချုပ်ချယ်မှုများနှင့် ကန့်သတ်ချက်များကို ရပ်တန့်ပေးရန် ဆင်ဟွာ၏ ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းလိုက်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.