Politics, Law & Military
တရုတ်နိုင်ငံသည် နမီးဘီးယားနိုင်ငံနှင့် အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေး တွင် လေးနက်စွာ လုပ်ဆောင်ရန် ဆန္ဒရှိ
ဂျိုဟန်နက်စ်ဘတ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (Xi Jinping) က အခြေခံ အဆောက်အအုံ တိုးတက် ကောင်းမွန်အောင် ပြုလုပ်ရာတွင် နမီးဘီးယား နှင့်အတူ လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်ရေးကို လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း နမီးဘီးယားနိုင်ငံ သမ္မတ ဟေ့ချ် ဂင်းဂေါ့ (Hage Geingob) နှင့် ဒီဇင်ဘာလ ၄ ရက် အစည်းအဝေး၌ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ် နိုင်ငံ အစိုးရသည် ၎င်း၏ စီးပွားရေး လုပ်ငန်းများအား နမီးဘီးယား ရှိ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး လုပ်ငန်းများ၊ ဆိပ်ကမ်း နှင့် အခြား အခြေခံ အဆောက်အအုံ ဆိုင်ရာ လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင် လုပ်ကိုင်ပြီး ၎င်း နိုင်ငံ၏ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း ရှီ မှ ဂင်းဂေါ့ အား တရုတ်-အာဖရိက ထိပ်သီးညီလာခံ အတွင်း ပြောကြားခဲ့သည်။
ရှီ က အာဖရိကတိုက်တွင် နမီးဘီးယားသည် တရုတ်နိုင်ငံ အတွက် အရေးပါသော မိတ်ဖက် နိုင်ငံဖြစ်ကြောင်း၊ တရုတ်သည် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည် ချစ်ခင်မှုအား ပူးပေါင်းဆောင်ရွက်မှု နှင့် တိုးတက်ဖွံ့ဖြိုးမှု ၏ တွန်းအားသစ် တစ်ခုအဖြစ် ပြောင်းလဲ သွားရန်အတွက် နမီးဘီးယား နှင့် လုပ်ဆောင်ရန် အဆင်သင့် ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဆွေးနွေးပွဲအား ဒီဇင်ဘာလ ၄ ရက်က တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘတ် မြို့၌ ကျင်းပစဉ် (ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတသည် ဖွံ့ဖြိုးဆဲ နိုင်ငံ များ၏ တူညီသော အကျိုးစီးပွားအား ကာကွယ် စောင့်ရှောက်ရေး နိုင်ငံတကာ အရေးကိစ္စများတွင် နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှု များ ပိုမို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နမီးဘီးယား နိုင်ငံ သမ္မတ က အချိန်ကြာမြင့်စွာ တည်တံ့နိုင်ခဲ့သည် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု အား ကြိုဆိုပါကြောင်း၊ နမီးဘီးယား ၏ အမျုးိသား လွတ်လပ်ရေးနှင့် တိုးတက် ဖွံ့ဖြိုးရေး အတွက် တရုတ် နိုင်ငံမှ တန်ဖိုးရှိသည့် ထောက်ပံ့မှုများအား ကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့သည်။
အခြေအနေ အသစ်များအရ နမီးဘီးယား သည် အခြေခံ အဆောက်အအုံ၊ စိုက်ပျိုးရေး နှင့် စွမ်းအင်သစ် ရှာဖွေ လေ့လာရေးတို့တွင် တရုတ်နိုင်ငံ နှင့် ပူးပေါင်း ဆောင်ရွက်ရေးအား ရှေ့ဆက် ပိုမို လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
နှစ်ရက်ကြာ ကျင်းပသည့် တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် (FOCAC) အား ဒီဇင်ဘာလ ၄ ရက်နေ့ အစောပိုင်းတွင် စတင်ခဲ့ပြီး တရုတ် နိုင်ငံ ၊ အာဖရိက နိုင်ငံ ပေါင်း ၅၀ နှင့် အာဖရိက သမဂ္ဂ ၏ ကော်မရှင် ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကာ တရုတ်-အာဖရိက ဆက်ဆံရေး ပိုမို အားကောင်းလာစေရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)