Politics, Law & Military
တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံအကြား အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ချဲ့ထွင်သွားမည် ဖြစ်ကြောင်း ကတိပြု
ဆိုးလ်၊ မေ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နှင့် တောင်ကိုးရီးယား နှစ်နိုင်ငံသည် နယ်ပယ်အားလုံး၌ အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ကာ ပူးပေါင်း ဆောင်ရွက်မှု ချဲ့ထွင်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့ကြသည်။
တောင်ကိုရီးယားနိုင်ငံသို့ မေလ ၂၀ ရက်မှ ၂၃ ရက် အထိ သွားရောက် လည်ပတ်ခဲ့သည့် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး လျိုချီပေါင် (Liu Qibao) ၏ ခရီးစဉ်အတွင်း ဤကဲ့သို့ ကတိပြုမှု ထွက်လာခြင်း ဖြစ်သည်။
၎င်း၏ ခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Chung Eui-hwa ၊ ဒုတိယ ဝန်ကြီးချုပ် လီဂျွန်ဆစ်၊ နိုင်ငံခြားရေး ဝန်ကြီး ယွန်ဗြောင်ဆယ်နှင့် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ကြီး ကင်မ် ဂျုံဒေါ့တို့နှင့် တွေ့ဆုံခဲ့သည်။
တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် နိုင်ငံရေးဆိုင်ရာ အပြန်အလှန် ယုံကြည်မှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူ အချင်းချင်း ဖလှယ်မှု စသဖြင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများတွင် အောင်မြင်မှုများ ရရှိထားကြောင်း လျိုက ပြောသည်။
တရုတ်နိုင်ငံသည် နှစ်နိုင်ငံ ပါတီများနှင့် လွှတ်တော်များ ပူးပေါင်းဆောင်ရွက်မှု နှင့် နက်ရှိုင်းစွာ ဖလှယ်မှုများ ပိုမိုဆောင်ရွက်ခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး တို့ကို ပိုမို နက်ရှိုင်းစေရန် လက်တွဲလုပ်ဆောင်ခြင်းဖြင့် နှစ်နိုင်ငံ ဘုံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဆိုင်ရာ ငြိမ်းချမ်းရေး မြှင့်တင်ရေး၊ အာရှအား တိုးတက်မှု အားကောင်းလာစေရေးနှင့် ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောမှု စသည်တို့၌ တောင်ကိုရီးယားနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယား နိုင်ငံဘက်ကလည်း တရုတ်- တောင်ကိုရီးယား ဆက်ဆံရေးသည် သမိုင်းကြောင်းအရ အကောင်းဆုံး ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများ နီးကပ်စွာ ဆက်ဆံခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူ အချင်းချင်း ဖလှယ်ခြင်း စသည့် ကဏ္ဍများ၌ အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ အရှေ့မြောက် အာရှနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝရေးများအတွက် တရုတ်နိုင်ငံနှင့် အတူတကွ လုပ်ဆောင်လိုပါကြောင်း တောင်ကိုရီးယား အရာရှိများက ပြောကြားခဲ့သည်။
လျိုသည် တောင်ကိုရီးယား ခရီးစဉ်အတွင်း ၈ ကြိမ်မြောက် တရုတ်- တောင်ကိုရီးယား မီဒီယာကဏ္ဍ အဆင့်မြင့် အရာရှိများဆွေးနွေးပွဲ၊ တရုတ်နိုင်ငံဆိုင်ရာ လေ့လာမှု ကမ္ဘာ့ ဖိုရမ်၏ အရှေ့အာရှ စာတမ်းဖတ်ပွဲသို့ တက်ရောက်ခဲ့သလို CJ E&M ဖျော်ဖြေရေးနှင့် မီဒီယာ ကုမ္ပဏီသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။ (Xinhua)