Politics, Law & Military
ပထမအကြိမ် တရုတ်-အိန္ဒိယ ပြည်သူအချင်းချင်း အဆင့်မြင့်ဖလှယ်ရေး လုပ်ထုံးလုပ်နည်း အစည်းအဝေးသို့ သမ္မတ ရှီကျင့်ဖိန် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့
ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ၌ ကျင်းပသော ပထမအကြိမ် တရုတ်-အိန္ဒိယ ပြည်သူအချင်းချင်း အဆင့်မြင့်ဖလှယ်ရေး လုပ်ထုံးလုပ်နည်း အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင် ဒီဇင်ဘာလ ၂၁ ရက်တွင် ပေးပို့လိုက်ကြောင်း သိရသည်။
အဆိုပါ သဝဏ်လွှာ၌ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးတွင် သမိုင်းကြောင်းရှည်လျားသည့် ရှေးဟောင်း ယဉ်ကျေးမှုများနှင့် ခမ်းနားထည်ဝါသော ယဉ်ကျေးမှု ရှိကြောင်း၊ ယဉ်ကျေးမှုနှစ်ခုလုံး ရင်းနှီးစွာဖလှယ်ခြင်းနှင့် ရှေးခေတ်ကာလမှ အပြန်အလှန် လေ့လာခြင်းဖြင့် လူသား ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုအတွက် အရေးပါသော ကူညီမှုများ လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်း ပါရှိသည်။
ထို့ပြင် ယနေ့အချိန်တွင် တရုတ်-အိန္ဒိယ ဆက်ဆံရေးသည် အပြန်အလှန် နက်ရှိုင်းသော နိုင်ငံရေးယုံကြည်မှုရှိခြင်း၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်မှုရှိခြင်း၊ ပြည်သူအချင်းချင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများ တိုးတက်မှုရှိခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တည်တံ့မှုှရှိခြင်းဖြင့် တက်ကြွစွာ ရှေ့ဆက်နေကြောင်း ရှီက ဆိုသည်။
ယင်းက ကောင်းမွန်သော နှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်နိုင်ငံလုံးအတွက်သာမက ကမ္ဘာတစ်ခုလုံးအတွက်လည်းပဲ အကျိုးကျေးဇူးရှိသည်ကို သက်သေပြနေကြောင်း ရှီက ဖြည့်စွက်ဖော်ပြခဲ့သည်။ (Xinhua)