MYANMAR
ADB မှ COVID-19 သက်ရောက်မှု တုံ့ပြန်ရေး နှင့် အသုံးစရိတ် ထောက်ပံ့ရေး ကန်ဒေါ်လာ သန်း ၂၅၀ ချေးယူရန် လွှတ်တော်က အတည်ပြု

နေပြည်တော်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် လူမှု စီးပွားရေး ဆိုင်ရာ ထိခိုက်မှုများကို ကုစားနိုင်ရန် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ COVID-19 သက်ရောက်မှုများကို တုံ့ပြန်ခြင်းနှင့် အသုံးစရိတ် ဆိုင်ရာ အထောက်အပံ့ အစီအစဉ် (CARES:_ COVID-19 Actixve Response and Expenditure Support) ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရယူရေးအတွက် ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြုခဲ့သည်။
အဆိုပါ ချေးငွေ ရယူရေးနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ငါးဦးတို့က ပြည်ထောင်စု လွှတ်တော် ယခင် အပတ် အစည်းအဝေး၌ ထောက်ခံ၊ အကြံပြု ဆွေးနွေးခဲ့ကြသည့် အချက်များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြန်လည် ရှင်းလင်း တင်ပြအပြီး ယင်းအပေါ် လွှတ်တော်က အတည်ပြု ခဲ့ခြင်း ဖြစ်သည်။
ဒုတိယ ဝန်ကြီးက “အခု ချေးငွေဟာ budget support အမျိုးအစား ဖြစ်ပါတယ်။ အစိုးရ အဖွဲ့က သတ်မှတ်ထားတဲ့ နယ်ပယ်တွေမှာ အသုံးပြုသွားမှာ ဖြစ်ပြီး ADB က Performance indicator တွေနဲ့ တိုင်းတာမယ့် နယ်ပယ် သုံးခုကို သတ်မှတ်ပြီး ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ နယ်ပယ် သုံးခုမှာ COVID-19 ရောဂါကြောင့် ထိခိုက် နစ်နာသူ ဝင်ငွေနည်း အိမ်ထောင်စုများ ကို လူမှုရေးဆိုင်ရာ ကူညီပံ့ပိုးခြင်း၊ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသခြင်း တို့အတွက် ကျန်းမာရေး စနစ်များ ပိုမို အားကောင်းစေခြင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် လုပ်သားများကို အားပေးမြှင့်တင်ခြင်း တို့ ဖြစ်ကြောင်း၊ မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက် ၍ အခြား စီမံကိန်းများတွင် သီးသန့် အချိုးတစ်ခု သတ်မှတ်ထားရှိသော်လည်း ယခု ချေးငွေမှာ program loan ဖြစ်သောကြောင့် ယင်းသို့ သတ်မှတ်ထားခြင်း မရှိသဖြင့် မမျှော်မှန်းနိုင်သော ကိစ္စ ရပ်များ အတွက် နိုင်ငံတော်၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ချေးငွေမှာ COVID-19 ရောဂါကြောင့် ထိခိုက်မှုများအား ကုစားရေး ကိစ္စများအတွက် ဖြစ်သဖြင့် အထိခိုက်ဆုံး ကဏ္ဍများကို စနစ်တကျ ရွေးချယ်ပြီး ပြည်ထောင်စု အစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် သုံးစွဲရမည် ဖြစ်ကြောင်း၊ ၂၀၂၀ – ၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် စီးပွားရေး အခြေအနေများအား ပြန်လည် ထိန်းသိမ်း တည့်မတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ နယ်ပယ် သုံးခုတွင် အကောင်အထည်ဖော်မှု ရလဒ်ကောင်းများ ရရှိစေရန် မူဝါဒ ရေးရာ အကောင်အထည်ဖော်မှုများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ အထိ ဆောင်ရွက်ရမည် ဖြစ်ပြီး အကောင်အထည်ဖော်နိုင်သည့် အခြေအနေကို ADB က Performance indicators များဖြင့်တိုင်းတာမည် ဖြစ်ကြောင်း၊ Performance indicator ပြည့်မီမှု အပေါ် မူတည်ပြီး ချေးငွေ ထုတ်ယူ ရရှိမှာ ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။ (Xinhua)