Connect with us

MYANMAR

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်း ပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ဩဂုတ်လကုန်ထိ ထပ်မံတိုးမြှင့်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယခုနှစ် နှစ်ဆန်းပိုင်းက ခရီးသွားလာနေကြသော ခရီးသွားဧည့်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်း ပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန၏ ထုတ်ပြန်ချက်အရ ဩဂုတ်လ  ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL) ထံမှ သိရသည်။ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal3 ရှိ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်များ ပြေးဆွဲပျံသန်းမှုများကိုမူ ပုံမှန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ၊ ခရီးသည်များအနေဖြင့် COVID – 19 ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် လေဆိပ်အတွင်း ချမှတ်ထားသော ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ကြရန် အသိပေးခဲ့သည်။ 

နိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၃၁  ရက်၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ဇူလိုင်လ ၂၈ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ 

 နိုင်ငံတကာခရီးသည်လေယာဉ်များ ယာယီရပ်ဆိုင်း ထားစဉ်ကာလအတွင်း ပြည်ပတွင် ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှု ဆောင်ရွက်ရန် အရေးပေါ် သွားရောက်လိုသူများ အတွက်လည်းကောင်း၊ ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် လုပ်ငန်းခွင်သို့ အချိန်မီ ဝင်ရောက်ရန် လိုအပ်နေသည့် အလုပ်သမားများ၊ သင်္ဘောသားများအတွက် လည်းကောင်း၊ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့် ဖြစ်စေ ပြည်ပတွင် ပညာသင်ကြားရန် သွားရောက်ကြရမည့် ပညာသင် များ၊ ကျောင်းသူ၊ ကျောင်းသားများအတွက် လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ အရေးပေါ်သွားရောက်ရန် လိုအပ်နေ သူများအတွက်လည်းကောင်း အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ကြ စေရန် ရှေးရှုလျက် ပြည်ပသို့ထွက်ခွာမည့် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များ၊ အထူးလေယာဉ် (Special Flight) များတွင် လိုက်ပါခွင့် ရရှိစေရေးအတွက် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ (Xinhua)