Connect with us

MYANMAR

COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် သြဂုတ်လ ၁၅ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားကြောင်း အသိပေးကြေညာ 

ရန်ကုန်မြို့လယ်၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ COVID-19ကာကွယ် ၊ ထိန်းချုပ် ၊ တားဆီးရေးအတွက် ဇူလိုင် ၃၁ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက် ၊ အမိန့်  ၊ အမိန့် ကြော်ငြာစာ ၊ ညွှန်ကြားချက်များ(ဖြေ လျှော့/တိုးမြှင့်ရန် လိုအပ်သော ကိစ္စရပ်များ မပါ) အား ဩဂုတ် ၁၅ ရက်အထိ ရက် တိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားကြောင်း COVID- 19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီမှ ယနေ့ ညတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုအခါတွင် COVID-19 ရောဂါ၏ လက်ရှိဖြစ်ပွားမှု အခြေအနေအရ ဩဂုတ်လ ၁ ရက်မှ စ၍ လူ ၅ ဦးအစား လူ ၁၅ ဦးဖြစ်စေ၊ လူ ၁၅ ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း မပြုရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ပြင်ဆင်ထုတ်ပြန်လိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဝန်ကြီးဌာနသည် COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဧပြီ ၁၆ ရက်နှင့် မေ ၂၈ ရက်တို့တွင် ထုတ်ပြန်ခဲ့သော အမိန့်တို့ဖြင့် ခြွင်းချက်ပြု ဖော်ပြထားသော ကိစ္စရပ်များမှအပ လူ  ၅ ဦး ဖြစ်စေ ၊ လူ ၅ ဦးထက် ပို၍ ဖြစ်စေ စုဝေးခြင်း မပြုရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း ၊ ယခုအခါတွင် COVID-19 ရောဂါ၏ လက်ရှိဖြစ်ပွားမှု အခြေအနေအရ ဩဂုတ်လ ၁ ရက်မှ စ၍ အဆိုပါ အမိန့်များတွင် ဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၅ ဦးအစား လူ ၁၅ ဦးဖြစ်စေ၊ လူ ၁၅ ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း မပြုရန် ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

COVID-19 နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ အရေအတွက်မှာ ယခုအခါ စုစုပေါင်း ၃၅၁ ဦး ရှိပြီး COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၂၉၄ ဦး ရှိကာ ၎င်းတို့အနက် ၂၇၉ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်းနှင့် သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ (Xinhua)