WORLD
တောင်ကိုရီးယားနိုင်ငံ၏ မတ်လအတွင်း အလုပ်ခန့်ထားမှုအရေအတွက် ၁၉၅,၀၀၀ လျော့ကျ

ဆိုးလ်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၀ပြည့်နှစ် မတ်လအတွင်း အလုပ်ခန့်ထားနိုင်မှုအရေအတွက်သည် ၂၀၁၉ ခုနှစ် အလုပ်ခန့်ထားမှုအရေအတွက်နှင့် နှိုင်းယှဉ်လျှင် ၁၉၅,၀၀၀ လျော့ကျခဲ့ရာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ပထမဆုံး အလုပ်အကိုင်လျော့ကျမှုဖြစ်ကြောင်း စာရင်းအင်းရုံးမှ ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်မျာအရ သိရသည်။
မတ်လတွင် အလုပ်အကိုင် ရရှိသူ ၂၆,၆၀၉,၀၀၀ ဦးရှိပြီး လွန်ခဲ့သည့်နှစ် အရေအတွက်နှင့်ယှဉ်လျှင် ၁၉၅,၀၀၀ ကျဆင်းသွားခဲ့ကြောင်း ကိုရီးယားနိုင်ငံ စာရင်းအင်းဌာန မှ သိရသည်။ ၎င်းမှာ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း ပထမဆုံး လျော့ကျမှုဖြစ်ပြီး ၂၀၀၉ ခုနှစ်မေလတွင်ကမ္ဘာ့ငွေရေးကြေးရေး အကျပ်အတည်း ကြောင့် ကမ္ဘာ့စီးပွားရေး ကိုထိခိုက်ခဲ့ရပြီးနောက်ပိုင်း အလုပ်ခန့်ထားနိုင်မှု အရေအတွက် အကြီးမားဆုံး ကျဆင်းမှုဖြစ်ကြောင်းသိရသည်။
COVID-19 ရောဂါဖြစ်ပွားခြင်းကြောင့် ပြည်သူများ၏ ခရီးသွားခြင်း နှင့် ဈေးဝယ်ခြင်းအား အဟန့်အတားဖြစ်စေခဲ့ခြင်းကြောင့် ဝန်ဆောင်မှုလုပ်ငန်းများ ထိခိုက်မှုများခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် မတ်လ တွင် လက်လီနှင့် လက်ကား လုပ်ငန်းများ၌ အလုပ်အကိုင်အရေအတွက်မှာ လွန်ခဲ့သောတစ်နှစ်ကထက် ၁၆၈,၀၀၀ လျော့ကျသွားပြီး ၎င်းတွင် တည်းခိုခန်း နှင့် စားသောက်ဆိုင် ကဏ္ဍ များ၏ လျော့ကျသွားသောအလုပ်အကိုင်အရေအတွက် ၁၀၉,၀၀၀ ပါဝင်ကြောင်း သိရသည်။
ကုန်ထုတ်လုပ်ငန်းများတွင် လည်း မတ်လအတွင်းအလုပ်အကိုင် ၂၃,၀၀၀ လျော့ကျသွားခဲ့ရာ သုံးလ အတွင်း ပထမဆုံးကျဆင်းမှုဖြစ်ကြောင်း သိရသည်။
အလုပ်လက်မဲ့နှုန်းသည် လွန်ခဲ့သည့်တစ်နှစ်နှင့်ယှဉ်လျှင် ဝ.၁ ရာခိုင်နှုန်း လျော့ကျကာ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ၄.၂ ရာခိုင်နှုန်း ရှိခဲ့ပြီး အလုပ်လက်မဲ့ဦးရေမှာ ၁,၁၈၀,၀၀၀ ရှိသဖြင့် လွန်ခဲ့သည့် တစ်နှစ်ကထက် ၁၇,၀၀၀ ကျဆင်းခဲ့ကြောင်း သိရသည်။
၎င်းမှာ ဗိုင်းရပ်ပိုးကူးစက်မှုများကို စိုးရိမ်သည့်အတွက် အလုပ်အကိုင်ရှာဖွေရာတွင် အားနည်းနေရခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။ (Xinhua)