WORLD
တူရကီနိုင်ငံတွင် COVID-19 ရောဂါကြောင့်သေဆုံးသူ တစ်သောင်းကျော်အထိ ရောက်ရှိလာ
အန်ကာရာ ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
တူရကီ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ အောက်တိုဘာ ၂၈ ရက် ထုတ်ပြန်ကြေညာချက်အရ တူရကီ နိုင်ငံတွင် ယင်းနေ့၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၂,၃၀၅ ဦး တိုးမြင့်ခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၆၈,၅၁၃ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးသူ ၇၇ ဦး တိုးမြင့်ခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၀,၀၂၇ ဦးအထိရောက်ရှိခဲ့ကြောင်းနှင့် ရောဂါမှပြန်လည်သက်သာလာသူ ၃၁၉,၁၈၁ ဦးရှိကြောင်း သိရသည်။
တူရကီနိုင်ငံကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Koca က အောက်တိုဘာ ၂၈ ရက်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လက်ရှိချိန်၌ အစိုးရအနေဖြင့် ခရီးသွားလာခွင့်ပိတ်ပင်ခြင်း နှင့် နေအိမ်၌ နေထိုင်စေခြင်းများ ပြုလုပ်ရန် မစဉ်စားသေးကြောင်း ၊ တူရကီနိုင်ငံ မှ ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးက လာမည့်အပတ်တွင် စမ်းသပ်မှုစတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ပြည်သူများအနေဖြင့် ကပ်ရောဂါကာကွယ်ရေး သတ်မှတ်ချက်များကိုလိုက်နာကြရန် တိုက်တွန်းလိုပြီး ထိတွေ့သွားလာလှုပ်ရှားမှုများကို လျှော့ချရမည်ဖြစ်ကြောင်း ၊ မလိုအပ်ပါကအပြင် သို့သွားလာခြင်းမပြုလုပ်ကြရန် နှင့် အပြင်သို့သွားပါက လမ်းတစ်လျှောက်လုံး နှာခေါင်းစည်း တပ်ဆင်ကြရန်လိုအပ်ကြောင်း ပြောကြား ခဲ့သည်။
သတင်းဖော်ပြချက်များအရ တူရကီ နိုင်ငံ အစ္စတန်ဘူလ်မြို့တွင် COVID-19 ရောဂါ အဆိုးရွားဆုံးဖြစ်ပွားခဲ့ပြီ လွန်ခဲ့သည့်တစ်ပတ်အတွင်းနေ့စဉ်ရောဂါကူးစက်ခံရသူ လျင်မြန်စွာ တိုးမြင့်လာခဲ့ကြောင်း ၊ အစ္စတန်ဘူလ် နှင့် ထိစပ်လျက်ရှိသည့် အခြားပြည်နယ်များသည်လည်း လတ်တလောရက်ပိုင်းအတွင်း ရောဂါကူးစက်ခံရသူ များစွာတိုးမြင့်လာခဲ့ပြီး တူရကီနိုင်ငံ ၏ ကပ်ရောဂါ ကာကွယ်ရေးအခြေအနေမှာ လွန်စွာ စိုးရိမ်စရာအခြေအနေဖြစ်လာကြောင်း သိရသည်။ (Xinhua)