Connect with us

Culture & Entertainment

တနင်္သာရီတိုင်းဒေသကြီး၏ ဒေသထွက်ကုန်တစ်ခုဖြစ်သော ကမ်းဇော်ဆီအား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်ယူနက်စကိုသို့ တင်သွင်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ကမ်းဇော်အစေ့အားတွေ့ရစဉ် (ဓာတ်ပုံ-- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

တနင်္သာရီတိုင်းဒေသကြီး၏ ဒေသထွက်ကုန်တစ်ခုဖြစ်သော ကမ်းဇော်ဆီ အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်ယူနက်စကိုသို့ တင်သွင်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၉ ရက်တွင်ပြောသည်။

“၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ကမ်းဇော်ဆီကို ယူနက်စကို ကိုတင်သွင်းနိုင်ဖို့ အဓိကထားပြီးဆောင်ရွက်နေပါတယ်။ ကမ်းဇော်ဆီက ကျွန်တော်တို့နိုင်ငံမှာဆိုရင် တနင်္သာရီတိုင်းဒေသကြီးမှာပဲ ထွက်တာ။ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မထွက်ဘူး။ ကမ်းဇော်ဆီရဲ့ လုပ်တဲ့လုပ်ငန်းစဉ်ကလည်း အရမ်းများပါတယ်။ သူ့ကိုဆေးပုံစံမျိုးအသုံးပြုတာပါ။ တနင်္သာရီတိုင်းဒေသကြီးရဲ့ ထွက်ကုန်ဖြစ်တဲ့ ကမ်းဇော်ဆီကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုစာရင်းဝင်ဖို့ အတွက် လုပ်ငန်းဆောင်ရွက်မှု ၃၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပါပြီ’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၌ မျက်မြင်အားဖြင့် အကောင်အထည်မဖော်ပြနိုင်ဘဲ လူသားတို့၏ နှလုံးသား၌ စွဲကျန်နေသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တစ်နည်းအားဖြင့် မျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုထံသို့ ယဉ်ကျေးမှု အမွေအနှစ်များကို နှုတ်ဖြင့်ဖြစ်စေ၊ လက်တွေ့သင်ကြား ပေးခြင်းဖြင့်ဖြစ်စေ၊ မှတ်တမ်းမှတ်ရာများထားရှိပေး၍ဖြစ်စေ ရှေးယခင်မှ ယနေ့မျက်မှောက်ကာလအထိ ဆင့်ကဲဆင့်ကဲ ရောက်ရှိလာသည့် ယဉ်ကျေးမှုအမွေအနှစ်များအားသတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ်စောင့်ရှောက်ရန်၊ အလေးထား တန်ဖိုးထားနိုင်ရန်နှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ်တွင် ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

“ကမ်းဇော်ဆီဟာ ဆေးဝါးအနေနဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ အစဉ်အဆက် အသုံးပြုခဲ့ကြတဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် တစ်ခု ဖြစ်တယ်။ ဒါကြောင့် ကမ်းဇော်ဆီကို ယူနက်စကို ဝင်ဖို့ကြိုးစားဆောင်ရွက်နေရခြင်းဖြစ်ပါတယ်’’ ဟု ဦးခင်မောင်စိုးက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ စာရင်း ကောက်ယူရာတွင် ယနေ့အခါတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စုစုပေါင်း ၂၂၁၈ ခု ကောက်ယူပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.