Connect with us

Culture & Entertainment

၂၀၂၀ပြည့်နှစ် သီတင်းကျွတ်ပွဲတော်အား ပုံစံသစ်ဖြင့်ဆင်နွှဲ

၂၀၂၀ပြည့်နှစ် ရန်ကုန်မြို့ ၏ သီတင်းကျွတ်လပြည့်ညအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးများ ပျော်ရွှင်စွာ ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များ အနက်တစ်ခုဖြစ်ပြီး ယခင်နှစ်များတွင် မိသားစု၊မိတ်ဆွေ၊သူငယ်ချင်းများနှင့်အတူ ဘုရားသွားခြင်း၊ ဘုန်းကြီးကျောင်းများသွားခြင်း၊မိဘဘိုးဘွားများကန်တော့ခြင်း၊ မီးထွန်းပွဲတော်များကျင်းပခြင်းတို့ဖြင့် ဆင်နွှဲကြသော်လည်း ယခုကာလသည်COVID-19ရောဂါဖြစ်ပွားသည့် ကာလဖြစ်သောကြောင့် ၂၀၂၀ပြည့်နှစ် သီတင်းကျွတ်ကာလအား ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနှင့် ပုံစံသစ်ဖြင့် ဆင်နွှဲကြကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်လည်း သီတင်းကျွတ်ကာလ၌ မိဘ၊ ဘိုးဘွား ဆရာသမားများကို လူကိုယ်တိုင် သွားရောက်၍ ကန်တော့ခြင်း၊ ဂါရဝပြုခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ကြောင်း၊ မိဘ၊ ဘိုးဘွားများကို ကန်တော့ပါက COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ပါးစပ်နှင့် နှာခေါင်းစည်းများတပ်ဆင်ခြင်း (၆)ပေအကွာ ခပ်ခွာခွာမှသာ ကန်တော့ခြင်းတို့အားဆောင်ရွက်သင့်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။

ထို့ကြောင့် ယခုနှစ် သီတင်းကျွတ်ပွဲတော်တွင် မြန်မာ့ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သော သက်ကြီးရွယ်အိုများအား ကန်တော့ခြင်းကို Video Call နဲ့ကန်တော့ခြင်း၊ ကန်တော့ပစ္စည်းများအား ပါဆယ်နှင့် ပို့ခြင်းတို့ ကိုပြုလုပ်ကြကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “COVID ကာလမှာ ခဏလောက်သည်းခံကြပါ။ လူကြီးမိဘတွေကို Video call နဲ့ ကန်တော့တယ်လို့လည်းတွေ့ရပါတယ်။ ဒါကအင်မတန်ကောင်းပါတယ်။ လူကြီးမိဘကို ကန်တော့ပစ္စည်းပါဆယ်ပို့ရင်လည်း အစားအသောက်မဟုတ်တဲ့ဟာဆိုရင် ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ပိုးသတ်သန့်စင်ခြင်းတွေ ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားချင်ပါတယ်” ဟု ဆင်ဟွာသို့ အောက်တိုဘာ ၃၁ ရက်တွင်ပြောသည်။

ယခင်နှစ်များတွင် ရန်ကုန်မြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်၊ ရေကျော်ပွဲဈေး နှင့် သီတင်းကျွတ်ကာလ စတိတ်ရှိုးများဖြင့် ပျော်ရွှင်စွာသီတင်းကျွတ်ပွဲတော်အားဆင်နွှဲကြသလို တစ်ချို့ကလည်း ရုံးပိတ်ရက်တွင် ခရီးများထွက်ကြသော်လည်း ယခုနှစ် သီတင်းကျွတ်ကာလတွင် မိမိအိမ်များ၌သာ ဖယောင်းတိုင်များ၊ မီးပုံးလေးများ ထွန်းခြင်း၊ဥပုသ်သီလဆောက်တည်ခြင်းဖြင့် ပြည်သူများဆင်နွှဲလျက်ရှိကြသည်။

မြောက်ဒဂုံ ၄၀ ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်ပြုံးပြုံးက “ကလေးတွေ ကို ဘယ်မှမပို့လို့မရဘူး။ အိမ်မှာပဲ မီးပုံးလေးတွေ တွန်းကြတယ်။ ကလေးတွေကလည်း အလည်ထွက်ချင်တယ်ပဲ ပြောနေကြတာ။ ကမ္ဘာကြီးလည်း အမြန်ဆုံးနေကောင်းစေချင်ပါပြီ’’ ဟု ဆင်ဟွာသို့ အောက်တိုဘာ ၃၁ ရက်တွင်ပြောသည်။

သုဝဏ္ဏတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် ကိုကျော်ခိုင်က “ကျွန်တော်က နှစ်တိုင်း သီတင်းကျွတ်ဆိုရင် ပျော်နေကြ။ ဒီနှစ်ကတော့ မပျော်ရတော့ဘူးပေ့ါ။ အိမ်မှာပဲ အမေတို့ နဲ့ အတူမီးထွန်းဖြစ်တယ်။ COVID ကြီးအမြန်ကင်းစင်သွားဖို့ကိုမျှော်လင့်ပါတယ်’’ ဟု ဆင်ဟွာသို့ အောက်တိုဘာ ၃၁ ရက်တွင်ပြောသည်။

သီတင်းကျွတ် မီးထွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်းစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး သီတင်းကျွတ်လပြည့်မတိုင်မီတစ်ရက်၊ သီတင်းကျွတ် လပြည့်နေ့ နှင့် သီတင်းကျွတ် လပြည့်ကျော် တစ်ရက် ဟူ၍ သုံးရက်တိုင်တိုင် ကျင်းပဆင်နွှဲလေ့ရှိပြီး ယခု ၂၀၂၀ပြည့်နှစ်တွင် သီတင်းကျွတ်ပွဲတော်သည် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက် အထိဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.