Culture & Entertainment
ပုဂံဘုရားများပေါ်တွင် စီးပွားဖြစ်ဓာတ်ပုံရိုက်သူများ တစ်ရက်လျှင် တစ်သိန်း ပေးဆောင်ရမည်
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သော ပုဂံမြို့ရှိ ဘုရားများပေါ်တွင် စီးပွားဖြစ်ဓာတ်ပုံရိုက်သူများသည် ရှေးဟောင်းယဉ်ကျေးမှုဌာနထံ ခွင့်ပြုမိန့်တင်ပြီး တစ်ရက်လျှင် ကျပ် တစ်သိန်းပေးဆောင်ရမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာနမှ ညွှန်မှူးဦးအောင်ကျော်ကျော်က ပြောကြားသည်။
စီးပွားဖြစ်ဓာတ်ပုံရိုက်ကူးမည့် မင်္ဂလာဆောင် Pre Weddingများအား တစ်ရက်လျှင် တစ်သိန်းပေး သွင်းရမည်ဖြစ်ပြီး ရုပ်ရှင်၊ဗီဒီယိုရိုက်ကူးသူများသည် တစ်ရက်လျှင် ကျပ် ငါးသိန်းပေးသွင်းရိုက်ကူး ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပြီးခဲ့တဲ့နှစ်လောက်ကစပြီး pre weddingတွေများလာတယ်၊ ဘယ်ဟာက စီးပွားဖြစ်လဲ အပျော်တမ်းရိုက်လဲ ကျွန်တော်တို့ စိစစ်ဖို့ခက်တယ်၊ အဲတော့ စီးပွားဖြစ်အားလုံးကို ခွင့်ပြုမိန့်တင်ပြီးမှ ရိုက်ခွင့်ပြုတယ်”ဟု ဦးအောင်ကျော်ကျော်က ပြောသည်။
အဆိုပါ ပုဂံဘုရားများအတွင်း ခွင့်ပြုမိန့်မယူဘဲ ဓာတ်ပုံရိုက်ကူးသူများအား လုံခြုံရေးအဖွဲ့က စစ်ဆေးတွေ့ရှိလျှင် တစ်ရက်သွင်းရမည့်ငွေ ခေါ်ယူသွင်းခိုင်းကြောင်း၊ပုဂံသို့ ဘုရားဖူးလာရောက်သော ပြည်တွင်းပြည်ပဧည့်သည်များအနေဖြင့် အပျော်တမ်းဓာတ်ပုံရိုက်ကူးခွင့်ရှိကြောင်း ၎င်းကဆိုသည်။
“၂၀၁၇ မှာ ဘယ်လိုပုံဘဲရိုက်ရိုက် အခွန်ဆောင်ရမှာ ဖြစ်လာတယ၊် အခုပုဂံကို ဓါတ်ပုံရိုက်မယ်ဆိုရင် တစ်ရက် ကို တစ်သိန်းရယ် လုံခြုံရေးအတွက် တစ်သောင်း စုစုပေါင်း ၁၁၀၀၀၀ကျပ် ပေးဆောင်ရမယ်ဆိုတော့ ပိုက်ဆံရှိ ဓာတ်ပုံဆရာ ဆောင်နိုင်သော်လည်း မရှိမယ့်ရှိမယ့် ပြိုင်ပွဲဝင်ဓါတ်ပုံဆရာများအတွက် မြန်မာ့ရှေးဟောင်း ရှု့ခင်း တွေရဲ့ လူနေမှု့ ဓလေ့ ပုံစံတွေ ရိုက်ဖို့အခွင့်အရေး နည်းပါးသွားပြီ”ဟု ပုဂံမြို့တွင် နှစ်ပေါင်း၂၀ကျော်ကြာ ဓာတ်ပုံရိုက်ကူးလာသော ဓာတ်ပုံဆရာ ပုဂံမင်းမင်းဦးက ပြောသည်။
ပုဂံဘုရားများပေါ်တွင် မီဒီယာများအတွက် အသုံးပြုရန် ဓာတ်ပုံရိုက်ကူးမှုများအားလည်း ခွင့်ပြုမိန့်ယူ ငွေသွင်းရကြောင်း၊ ပုဂံဘုရားများနှင့် ဓာတ်ပုံပြိုင်ပွဲဝင်ရန် ရိုက်ကူးသော ဓာတ်ပုံဆရာများအနေဖြင့် နေ့စဉ် ငွေကျပ် တစ်သိန်းသွင်းမှုသည် အခက်အခဲဖြစ်နေကြောင်း ပုဂံမြို့ရှိ ဓာတ်ပုံဆရာများထံမှ သိရသည်။(Xinhua)