Connect with us

Education & Health

မြန်မာနိုင်ငံတွင် အဆိပ်အမျိုးမျိုးသင့်မှု ဖြစ်ပွားနှုန်း မြင့်တက်

အဆိပ်သင့်ခြင်းဆိုင်ရာကုသမှု ဆရာဖြစ်သင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပစဉ် (ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာ တစ်နိုင်ငံလုံး၌ အဆိပ်အမျိုးမျိုးသင့်မှု ဖြစ်ပွားနှုန်း မြင့်တက်လာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

စာရင်းဇယား အချက်အလက်များအရ (၂၀၁၁) ခုနှစ်တွင် တစ်နိုင်ငံလုံး၌ အဆိပ်အမျိုးမျိုးသင့်သည့် လူနာ (၂၃,၀၀၀)ဦးရှိခဲ့ရာမှ (၂၀၁၆)ခုနှစ်တွင် (၃၆,၀၀၀)ဦးအထိ များပြားမြင့်တက်လာကြောင်း၊ အဆိပ်သင့်ခြင်းသည် စနစ်တကျမှန်ကန်စွာ အချိန်မီကုသမှုမပေးနိုင်ပါက အသက်သေဆုံးနိုင်ကြောင်း ၎င်းကဆိုသည်။

အဆိပ်သင့်မှုနှင့် ပတ်သက်သော သုတေသနများကိုလည်း ပိုမိုလုပ်ဆောင်ရန်လိုအပ်ပြီး အဆိပ်သင့်မှုကုသရေးလုပ်ငန်းများနှင့် ချိတ်ဆက်၍ အထောက်အကူပြုဆောင်ရွက်ရန်လိုကြောင်း၊ အဆိပ်အမျိုးအစားများအလိုက် ကိုက်ညီမည့် ဖြေဆေး (specific antidote) များကို အရေအတွက်သတ်မှတ်ဝယ်ယူနိုင်ရန် အဆိပ်အမျိုးအစားအလိုက် အဆိပ်သင့်မှု စာရင်း အချက်အလက်များ ကိုစနစ်တကျပြုစုထားရှိရန်လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်ဆေးရုံများတွင် အဆိပ်သင့် လူနာများကို အရည်အသွေးပြည့်ဝ စွာကုသပေးနိုင်ခြင်းဖြင့် လူနာများ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးနှင့် ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးတို့သို့ သွားရောက်ကုသရန် လိုအပ်မှုလျော့နည်းလာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးအဆိပ်သင့်ခြင်း (Pesticide Poisoning) မှာလည်း ဖြစ်ပွားမှုမြင့်မားလျက်ရှိကြောင်း၊ပါဝင်သည့် ဓာတုဗေဒပစ္စည်းအမျိုးအစား၊ ပါဝင်မှုရာခိုင်နှုန်း စသည်တို့ကို ဖော်ပြထားခြင်းမရှိသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများနှင့် ဓာတုဗေဒပစ္စည်းမျိုးစုံ ရောစပ်ထားသော ခေတ်ပေါ်မူးယစ်ဆေးဝါးများ အဆိပ်သင့်ပါက သက်ဆိုင်ရာအမျိုးအစားအလိုက် ဖြေဆေး (specific antidote) ရရှိရန်ခက်ခဲကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.