Connect with us

Education & Health

မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ယခင်နှစ်အလားတူကာလထက် လျော့နည်း ကျဆင်း 

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေး “ဖုံး၊ သွန်၊ တိုက်ချွတ်၊ လဲ၊ စစ်” လုပ်ငန်းများ ဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar CDC - ပြည်သူ့ကျန်းမာရေးဦးစီးဌာန)

ရန်ကုန် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ အရေအတွက်မှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက လျော့နည်း ကျဆင်းသွားခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး စီမံချက် မန်နေဂျာ ဒေါက်တာ နေရည်ရည်လင်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ မေလအထိ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ၁,၄၀၈ ဦးနှင့် သေဆုံးသူ ၁၁ ဦး ရှိခဲ့ကြောင်း နှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ  ၂၂၈၃ ဦးနှင့် သေဆုံးသူ ၁၃ ဦး အသီးသီး ရှိခဲ့ကြောင်း သိရသည်။ 

ထိုသို့ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းရခြင်းမှာ COVID-19 ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း အခြား Fever Case များကိုလည်း လွှတ်မထားဘဲ အထူးသဖြင့် မိုးရာသီ၌ ဖြစ်ပွားတတ်သော ရောဂါများအား ဧပြီလ အစောပိုင်းထဲက ကြိုတင်ပြင်ဆင်မှုများ ညွှန်ကြားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၊ ထို့အပြင် ယခုနှစ်တွင် မိုးအဝင် နောက်ကျသဖြင့် ခြင်ပေါက်ဖွားမှုနှုန်းမှာ လျော့နည်းသွားခြင်းတို့ကြောင့် ဖြစ်ကြောင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး စီမံချက် မန်နေဂျာ ဒေါက်တာ နေရည်ရည်လင်းက ဆိုသည်။

“ကျွန်မတို့က ဧပြီလ အစောပိုင်းထဲက ကာကွယ် နှိမ်နှင်းရေး လုပ်ငန်းတွေကို လုပ်ဖို့ ဝန်ကြီးဌာနကနေပြီးတော့ ညွှန်ကြားခဲ့တာပေါ့။ တိုင်းဒေသကြီး ၊ ပြည်နယ်တွေကလည်း ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ စောစောလုပ်တာလဲ ပါတယ်။ နောက်ပြီး ဒီနှစ်က မိုးကျတာကလည်း နောက်ကျတယ်။ ပြီးခဲ့တဲ့နှစ်ကလောက်လည်း မိုးမများဘူး ဆိုတော့ ခြင်ပေါက်ဖွားမှုနှုန်းလည်း လျော့တယ်။သွေးလွန်တုပ်ကွေးလည်း တခြားနိုင်ငံတွေလောက် မဖြစ်ဘူးပေါ့ အဲလို ယူဆရတယ်။”ဟု ၎င်းက ဆိုသည်။ 

ထို့အတူ နိုင်ငံအတွင်း ယခုနှစ် မေလအထိ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုနှုန်းမှာ ပြီးခဲ့သော ၂၀၁၇ ၊ ၂၀၁၈ ၊ ၂၀၂၉ ခုနှစ်တို့နှင့် နှိုင်းယှဉ်ပါကလည်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ယခု ၂၀၂၀ ပြည့်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီး ၊ မွန်ပြည်နယ် နှင့် မကွေးတိုင်းဒေသကြီးတို့တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံး ဖြစ်ကြပြီး ဖြစ်ပွားမှု အများဆုံး ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးတွင် ရောဂါ ဖြစ်ပွားသူ ၃၀၀ ဦး နှင့် သေဆုံးသူ ၃ ဦး ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ အရေအတွက်မှာ ၂၃,၀၀၀ ဦးကျော် ရှိပြီး သေဆုံးသူ အရေအတွက်မှာ ၁၀၀ ကျော် ရှိခဲ့ကြောင်းနှင့် ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင် ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။ 

သွေးလွန်တုပ်ကွေး ရောဂါသည် သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်သော ခြင်ကျား(Aedes) အကိုက်ခံရခြင်းမှ တစ်ဆင့် ကူးစက်ကြောင်း ၊ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး အသက် ၁၅ နှစ်အောက် ကလေးများ အထူးသဖြင့် အသက် ၅ နှစ်မှ ၉ နှစ်အရွယ် ကလေးများတွင် အများဆုံး ဖြစ်ပွားကြောင်း ၊ အသက် ၁၅ နှစ်အထက် လူကြီးများတွင် ဖြစ်ပွားပါက သေဆုံးမှုနှုန်း မြင့်မားသည်ကို တွေ့ရှိရကြောင်း ၊ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီတွင် အများဆုံး ဖြစ်ပွားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏာများမှာ လတ်တလော ဖျားနာခြင်း (၂ ရက်မှ ၇ ရက်ခန့်) ၊ ဗိုက်နာခြင်း ၊ ပျို့အန်ခြင်း ၊ ကိုယ်ခန္ဓာတွင် အနီစက်များ ထွက်ခြင်းတို့ ဖြစ်တတ်ကြောင်း ၊ စတင်ဖျားသည့် အချိန်မှ စ၍ ၃ ရက်မှ ၅ ရက် သွေးလန့်သည့် လက္ခဏာများ ပေါ်၍ အသက်အန္တရာယ် ရှိနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.