Connect with us

Education & Health

ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး ၂၈၀, ၀၀၀ ခန့်အား ကျပ်ငွေ ကိုးသောင်းစီ ထောက်ပံ့မည်

COVID-19 ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့က မွေးသော နှစ်နှစ်အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်တွင် မိခင်များနှင့် ကလေးအချို့ကို တွေ့ရစဉ်။ (လူ/ကယ်/ပြန် ဝန်ကြီးဌာန)

နေပြည်တော်၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး စုစုပေါင်း ၂၈၀, ၀၀၀ ခန့်အား တစ်လလျှင် ကျပ်ငွေ တစ်သောင်းခွဲနှုန်းဖြင့် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လစာအတွက် စုစုပေါင်း ကျပ်ငွေ ကိုးသောင်းစီ ထောက်ပံ့မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ လူမှု ကာကွယ် စောင့်ရှောက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ယနေ့ မီဒီယာသို့ပြောကြားသည်။

“၂၀၂၀ ဧပြီ (၁)ရက်နေ့နဲ့၎င်းနေ့နောက်ပိုင်း မွေးတဲ့ ကလေးများ အားလုံး အကျုံးဝင်ပါတယ်၊  ဇူလိုင်လ ၁ ရက်နေ့မှ စပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေး ရုံးတွေက စာရေးတွေက စာရင်း စကောက်မှာပါ၊ နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေနဲ့ ကမ္ဘာ့ ဘဏ်က ချေးငွေတွေနဲ့ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်၊ အကျိုးခံစားခွင့် ရှိသူ အရေအတွက် အတိုင်း ထောက်ပံ့သွားမှာပါ၊ ခန့်မှန်း တွက်ချက်ထားမှုအရ ၂၀၁၉ – ၂၀ ဘဏ္ဍာရေး နှစ်မှာ ရှမ်းပြည်နယ်မှာ တစ်သိန်းလေးသောင်း၊ ဧရာဝတီ တိုင်းဒေသကြီးမှာလည်း တစ်သိန်းလေးသောင်း ရှိပါတယ်၊ တကယ့်စာရင်း ကောက်ပြီးတဲ့ အခါ ကွာခြားမှုတွေရှိနိုင်ပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။

ယနေ့နေ့လယ်၌ ပြုလုပ်ခဲ့သော “ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့က မွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်း(MCCT:_ Maternal and Child Cash Transfer) အစီအစဉ်အား ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဇူလိုင်လ (၁) ရက်မှ စပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေနှင့် ပတ်သက်ပြီး အွန်လိုင်းမှ တစ်ဆင့် သတင်းမီဒီယာများသို့ မိတ်ဆက်ခြင်း” အပြီးတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။    

အဆိုပါ ထောက်ပံ့ငွေများကို သြဂုတ်လမှစတင်၍ ထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ စီမံကိန်းကာလ လေးနှစ်တာ အတွင်း သုံးလ တစ်ကြိမ် ကျပ်ငွေ ၄၅, ၀၀၀ စီ ထောက်ပံ့သွားမည် ဖြစ်ရာ ယခု ပထမ အကြိမ်မှာ ပြီးခဲ့သည့် ဧပြီလမှ စတင်ခြင်း ဖြစ်သောကြောင့် လာမည့် စက်တင်ဘာ အထိ သုံးလ နှစ်ကြိမ်စာ ၊ ခြောက်လစာ အတွက် ကျပ်ငွေ ကိုးသောင်း ထောက်ပံ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကမ္ဘာ့ဘဏ် ချေးငွေနဲ့ ထောက်ပံ့မယ့် စီမံကိန်းကာလက လေးနှစ်ဖြစ်ပါတယ်၊ စီမံကိန်း ကာလ လေးနှစ်ပြည့်သွားရင်လည်း ကလေးတွေရဲ့ အာဟာရ ပြည့်ဝလာတဲ့ အနေအထားအထိ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေနဲ့ ဆက်လက် ထောက်ပံ့သွားမှာပါ” ဟုလည်း ညွှန်ကြားရေးမှူးက ပြောခဲ့သည်။

အဆိုပါ MCCT(Maternal and Child Cash Transfer) အစီအစဉ်တွင် လိုအပ်သည့် အထောက် အထားများမှာ ကိုယ်ဆောင်မိခင် ဖြစ်ပါက ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မှတ်တမ်း၊ ကလေးငယ် ဖြစ်ပါက ကာကွယ်ဆေးထိုး မှတ်တမ်းတို့ ဖြစ်ပြီး ဧရာဝတီ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ဖုန်း ၀၄၂-၂၄၂၇၂ ၊ ၀၉-၄၀၉၂၁၅၀၇၀ နှင့် ရှမ်းပြည်နယ် လူမှု ဝန်ထမ်းရုံး၊ ဖုန်း ၀၈၁-၂၁၂၁၁၁၆၊ ၀၉-၄၀၉၂၁၅၀၇၀ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

အဆိုပါ MCCT အစီအစဉ်ကို ၂၀၁၇ ခုနှစ်တွင် ချင်းပြည်နယ်၌ စတင် အကောင်အထည်ဖော်ခဲ့ပြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ရခိုင်ပြည်နယ် တို့သို့ ထပ်မံ တိုးချဲ့ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့သို့ ဆက်လက် တိုးချဲ့ ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၉- ၂၀ ဘဏ္ဍာနှစ်၌ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ တိုးချဲ့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.