Connect with us

Education & Health

ဝက်သက် ရောဂါ ကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် လတ်တလော ဝက်သက်ရောဂါ အဖြစ်များသည့် မြို့နယ်များတွင် ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်သွားမည်

ဝက်သက် ရောဂါ ကျန်းမာရေး အသိပညာပေး စာစောင်အား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Health and Sports, Myanmar)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

နိုင်ငံ တစ်ဝန်း အစုလိုက် ဝက်သက် ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများအား ယခုနှစ် ဒီဇင်ဘာလတွင် ဆောင်ရွက် သွားမည် ဖြစ်ပြီး ထိုသို့ မဆောင်ရွက်မီ ဝက်သက် ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် လတ်တလော ဝက်သက်ရောဂါ အဖြစ်များသည့် မြို့နယ်များတွင် ဝက်သက် ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဝက်သက် ရောဂါ ဖြစ်ပွားမှုများကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရှိရပြီး ဝက်သက်ရောဂါကာကွယ်ဆေးလွမ်းခြုံမှုနည်းပါးသော မြို့နယ်များကိုပါ ယခုလ အတွင်း ဝက်သက်ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်း စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဝက်သက်ရောဂါ ဖြစ်ပွားသောနေရာများတွင် အပိုဆောင်းဝက်သက် ရောဂါ အစုလိုက်ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ရွှေ့ပြောင်းနေထိုင်သူများ၊ ဘေးရှောင်စခန်းများ၊ပရဟိတစခန်းများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် မိဘမဲ့စောင့်ရှောက်ရေးဂေဟာများတွင် နေထိုင်သူများကိုပါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝက်သက်ရောဂါသည် ဝက်သက်ဗိုင်းရပ်စ်ပိုး (Measles Virus) ကြောင့် ဖြစ်ပွားကာ ကာကွယ်ဆေး မထိုးထားသူများ အားလုံး ကူးစက်နိုင်ကြောင်း သိရပြီး ရောဂါဖြစ်ပွားနေသူ ချောင်းဆိုး နှာချေ ခြင်းဖြင့် ဝက်သက်ဗိုင်းရပ်စ်ပိုးသည် လေထဲသို့ ရောက်ရှိကာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အခြားသူများသို့ ကူးစက်ခံရနိုင်ကြောင်း သိရသည်။

ဝက်သက်ရောဂါတွင် အနီစက်၊ အနီပြင်များ မထွက်ပေါ်မီ လေးရက်နှင့် ထွက်ပေါ်ပြီး လေးရက် အထိ ကာလသည် အခြားသူသို့ ကူးစက်နိုင်ခြေ အများဆုံး ဖြစ်ကြောင်း သိရပြီး ဝက်သက်ရောဂါ ကနဦး လက္ခဏာများမှာ အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း ၊ နှာစေးခြင်း ၊ မအီမသာဖြစ်ခြင်း ၊ မျက်စိနီရဲ၍ မျက်ရည်များကျခြင်း ၊ ပါးစောင်တွင် အစက်ထွက်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

ဝက်သက်ရောဂါ၏ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ပြင်းထန်စွာအဆုတ်ရောင်ခြင်း ၊ ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်သည့် ဝမ်းလျှောခြင်း ၊ နားအလယ်ခန်းရောင်ခြင်း ၊ အမြင်အာရုံဆုံးရှုံးခြင်း ၊ ဦးနှောက် ရောင်ခြင်းတို့ ဖြစ်ပေါ် နိုင်သည့် အတွက် ကျေးလက်ကျန်းမာရေးဌာန၊ ဒေသန္တရ ၊ မြို့မ ၊ မိခင်ကလေး ကျန်းမာရေး ဌာနများ နှင့် မြို့နယ်ဆေးရုံ ၊ ခုတင် ၁ဝဝ နှင့် အထက် ဆေးရုံကြီးများ တွင် အပတ်စဉ် ဖွင့်လှစ် ထားသော ကာကွယ်ဆေးထိုး စုရပ်များတွင် ကာကွယ်ဆေး သွားရောက် ထိုးနှံကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုက်တွန်း နှိုးဆော်ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။(Xinhua)