Connect with us

Education & Health

ကျန်းမာရေး စောင့်ရှောက်မှုတွင် သုတေသနပိုင်းများပြီး အကောင်အထည်ဖော်မှု အားနည်းလျက်ရှိ

Data Review Meeting ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်း မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် Survey နှင့် Research များသာ များပြားနေပြီး လက်တွေ့အကောင်အထည်ဖော်သည့် အပိုင်းက အားနည်းနေသည်ဟု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ဆင်ဟွာသို့ ယနေ့ နံနက်ပိုင်းတွင် ပြောခဲ့သည်။

“Survey တွေ research တွေ လုပ်လိုက်တော့ အမှန်တကယ် ဖြည့်ဆည်း ဆောင်ရွက် ပေးရမှာတွေ တွေ့တယ်။ ဒါပေမယ့် ဒီဟာတွေက စာအုပ်တစ်အုပ် အနေနဲ့ပဲ ထွက်သွားတယ်။ ဒီဟာတွေကို အသေးစိတ် လေ့လာပြီးတော့ ဘယ်လို တိုးတက်အောင် ဆောင်ရွက်မလဲ။ ဘယ်လို ဖြည့်ဆည်း ပေးရမလဲ ဆိုတဲ့ အပိုင်းမှာ အားနည်းနေတယ်။ ဒါကြောင့်မို့ လို့ ကျွန်တော် ဒါကို ဒီနေ့ဆွေးနွေးဖြစ်တာပါ” ဟု ၎င်းက ပြောသည်။

ယနေ့ နံနက် ၉ း ၀၀ နာရီတွင် နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် UNFPA တို့ ပူးပေါင်း စီစဉ်သည့် Data Review Meeting on Studies done for Health System Strengthening for Reproductive Health Commodities Security and Services အခမ်းအနား အဖွင့်၌ ဒေါက်တာ စိုးလွင်ငြိမ်းက ပါဝင် ဆွေးနွေးအပြီးတွင် ဆင်ဟွာ၏ အမေးကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

UNFPA ဌာနေ ကိုယ်စားလှယ် Ms. Janet Jackson မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

Data Review Meeting on Studies done for Health System Strengthening for Reproductive Health Commodities Security and Services အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

“ကျန်းမာရေး စောင့်ရှောက်မှုပဲ ဖြစ်ဖြစ်၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးပဲ ဖြစ်ဖြစ်၊ သားဆက်ခြား လုပ်ငန်း တွေပဲ ဖြစ်ဖြစ် တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ သတင်း အချက်အလက် ရချင်ရင်တော့ ကျွန်တော်တို့ က သုတေသန လုပ်ငန်းတို့ ၊ ကွင်းဆင်း လေ့လာ စစ်ဆေးမှုတို့တွေ ဆောင်ရွက်မှ ဖြစ်မယ်။ အခုရော မလုပ်ဘူးလား ဆိုတော့ SARA အဆင့်အထိ လုပ်ထားပါတယ်။ SARA ဆိုတာ Service Ability Readiness Assessment ပေါ့။ လက်ရှိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ဒီလိုအပ်ချက်တွေကို ဘယ်လောက်တောင်မှ ပြင်ဆင်ထားနိုင်တဲ့ အဆင့်ရှိလဲ ဆိုတာကို ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနနဲ့ UNFPA စသဖြင့် ဌာနတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်ထားတာပါ။ စနစ်တစ်ခု လုပ်ငန်းတစ်ခု တကယ်အောင်မြင်ဖို့ ဆိုရင် လေ့လာ စစ်ဆေး တွေ့ရှိချက် အသေးလေးတွေကအစ ဖြည့်ဆည်း ဆောင်ရွက်ဖို့လိုပါတယ်” ဟု ၎င်းက ရှင်းပြသည်။

မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှုကို အမှန် တကယ် မြှင့်တင်နိုင်ရေး၊ မိခင်နှင့် ကလေး သေဆုံးမှုကို လျှော့ချရေးတို့ အတွက် ကျေးလက် ကျန်းမာရေး ဌာနတွေ ဌာနခွဲများသို့ ကွင်းဆင်း ကြည့်သည့်အခါ ကိုယ်ဝန်ဆောင် မိခင် စောင့်ရှောက်ရေး ဆိုင်ရာ လမ်းညွှန်စာအုပ်များ လိုအပ်မှု၊ အရေးပေါ် ကလေးစောင့် ရှောက်မှု ဆိုင်ရာ လမ်းညွှန်စာအုပ်၊ လုပ်ငန်း လမ်းညွှန် စာအုပ်များ လိုအပ်နေမှု၊ လုပ်သက်နှစ် ရင့်ကြာလာသော ကျန်းမာရေး ဝန်ထမ်းများအတွက် refresher training ထပ်ပြီး သင်တန်းပေးရန် လိုအပ်မှု စသည့် အရေးတကြီး ဆောင်ရွက်ရမည်များကို တွေ့ခဲ့သည်ဟုလည်း ၎င်းက ရှင်းပြသည်။

“တချို့နေရာတွေမှာဆိုရင် ရက်လွန်ဆေး (expired drugs) တွေ သွားတွေ့တယ်။ အများအားဖြင့်တော့ ဒီဆေးတွေကို ဘယ်လို စနစ်တကျ ဖျက်ဆီးမလဲ လောက်ပဲ စဉ်းစားနေကြတယ်။ ဒီဆေးတွေရဲ့ တန်ဖိုးကို ကျတော့ သူတို့ သိပ်ပြီး မတွက်ကြဘူး။ တကယ်က ဒီဆေးတွေဟာ ကျန်းမာရေး အဆင့်အတန်း ပိုမြင့်မား အောင် ဆောင်ရွက်နိုင်ဖို့အတွက် ဆေးတွေ တိုးမြှင့်ပေးနိုင်ဖို့ နိုင်ငံတော်ဘတ်ဂျက်နဲ့ ဝယ်ထားရတာ။ တခြားက လှူတဲ့ ဆေးဆိုရင်လည်း အလှူရှင်တွေက ဝယ်ပြီး လှူထားရတာပဲ။ ဒီလို တန်ဖိုးကို သိပြီး စနစ်တကျ သုံးစွဲနိုင်ဖို့ လိုတယ်။ ဒါကိုလည်း ကျွန်တော်တို့ က အဆင့်ဆင့်ပေါ့– ပညာပေး ဆောင်ရွက်ရမယ်။ နို့မို့ဆိုလို့ရှိရင် ဒီဆေးတွေက သူတို့လက်ထဲကို အခမဲ့ ရောက်လာတဲ့ သဘောမျိုးထားပြီး ပိုရင် စွန့်ပစ်မယ်၊ ရက်လွန်ရင် ဖျက်ဆီးမယ် ဆိုတဲ့ အတွေးပဲ ရှိနေတာမျိုး မဖြစ်သင့်ဘူး” ဟုလည်း သူက ဖြည့်စွက် ပြောခဲ့သည်။

ထိုသို့ကွင်းဆင်း သုတေသနပြုမှု ခြုံ ငုံ လေ့လာမှုများအရ တွေ့ရှိသော အချက်အလက်များကို အခြေခံပြီး လက်တွေ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူ့ကျန်းမာရေးအတွက် ဘဏ္ဍာငွေ စနစ်တကျ စီမံခန့်ခွဲရေးတို့အတွက် ယနေ့ Data Review Meeting on Studies done for Health System Strengthening for Reproductive Health Commodities Security and Services အစည်းအဝေးကို ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

“Logistic management အတွက် ဝန်ကြီးက ချမှတ်ပေးတဲ့ လမ်းညွှန်ချက်တွေ ရှိပါတယ်။ ဆေးဝါးတွေ ဝယ်ရာမှာ တကယ့် လိုအပ်သလောက်ကိုပဲ ဝယ်ဖို့။ နို့မို့ဆိုလို့ရှိရင် ခုန ပြောသလို ဝယ်ပြီး အများကြီး ပိုနေတာတွေ ရှိလာမယ်။ ဥပမာ (သားဆက်ခြား နဲ့လုံခြုံစိတ်ချမှု အတွက် သုံးတဲ့ ) အမျိုးသမီး ကွန်ဒုံး ဆိုရင် အဲဒီ ပစ္စည်းသုံးစွဲတဲ့ အမျိုးသမီး ဦးရေရဲ့ နှစ် ရာခိုင်နှုန်း လောက်ပဲ သုံးတယ်လို့Report ထဲမှာ ပါတယ်။ အဲဒါမျိုးကျတော့ နှစ်မျိုးပဲ စဉ်းစား ရတော့မယ်။ ဒီဟာကို ထပ်ပြီး ကွင်းဆင်း survey လုပ်ရမှာပဲ။ ဘာကြောင့် အသုံးနည်းရလဲ။ ဒါတွေနဲ့ ပတ်သက်ပြီး အလေအလွင့် နည်းအောင် Survey တွေက ထွက် ပေါ်လာတဲ့ အချက်တွေ၊ ဖြည့်ဆည်းပေးရမယ့် ဧရိယာတွေ၊ ဘဏ္ဍာငွေ စီမံခန့်ခွဲမှုတွေကို စနစ်တကျ ဆောင်ရွက်ရမယ်။ ဒါမှသာ တိုင်းပြည် ဘဏ္ဍာကို စနစ်တကျနဲ့သုံးစွဲပြီး ပြည်သူလူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို တကယ် ထိထိရောက်ရောက် ဆောင်ရွက်ပေး နိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.