Education & Health
တရုတ်နိုင်ငံမှ သိပ္ပံပစ္စည်း ကိရိယာပြပွဲ ခြောက်လကြာပြသသွားမည်

နေပြည်တော်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
ပညာသင်ကြားရာ သင်ယူရာတွင် သီအိုရီပိုင်းကို ကောင်းစွာ နားလည် သဘောပေါက်ပြီး နည်းပညာ နှင့် ပူးပေါင်း သင်ကြားမည်ဆိုလျှင် အမှန်တကယ် အောင်မြင်သည့် သင်ကြား သင်ယူမှုကို ဖြစ်စေမှာ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ ပြောခဲ့ သည်။
‘ကျွန်တော်တို့နိုင်ငံထက် နည်းပညာ အဆပေါင်းများစွာ တိုးတက်နေတဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံက သိပ္ပံပစ္စည်း ကိရိယာပြပွဲလာရောက်ကျင်းပပေးတာဟာ ကျွန်တော်တို့နိုင်ငံရဲ့ သင်ကြားမှု သင်ယူမှု လုပ်ငန်းတွေကို များစွာ အထောက်အကူဖြစ်စေပါတယ်၊ ပညာသင်ကြားရာ သင်ယူရာမှာ သီအိုရီပိုင်းကို ကောင်းစွာ နားလည် သဘောပေါက်ပြီး နည်းပညာနဲ့ ပူးပေါင်း သင်ကြားမယ်ဆိုရင် တော့ တကယ့်ကို အောင်မြင်တဲ့ သင်ကြား သင်ယူမှုကို ဖြစ်စေမှာပါ” ဟု နေပြည်တော်၊ အ ထ က (၆) တွင် ယနေ့နံနက်ပိုင်း ကျင်းပသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China Science and Technology Museum ၏ သိပ္ပံ ပစ္စည်း ကိရိယာများ ပြပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Minister Counselor Ms. Li Xiao Yan အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China Science and Technology museum ကျောင်းအုပ် General Director Mr. Yin Hao က ပြပွဲအကြောင်း ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)
၂၁ ရာစု ကမ္ဘာကြီးကို နည်းပညာများက လွှမ်းမိုးလျက်ရှိပြီး လူ့ အဖွဲ့အစည်းကို နည်းပညာများက စိန်ခေါ်နေကြောင်း၊ ထိုစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ဖို့ အစဉ်လေ့လာ သင်ယူရန် လိုအပ်ကြောင်း၊ နှစ်ပေါင်းများစွာ ခေတ်နောက်ကျလာခဲ့သော မြန်မာနိုင်ငံ၏ ပညာရေးကို အရည်အသွေးမြင့်လာစေရန် နေ့ချင်း ညချင်း ဆောင်ရွက်၍ မရနိုင်ကြောင်း၊ ပညာရေး အရည်အသွေး မြင့်လာရန်မှာ စာသင်ခန်းထဲ တွင် လက်တွေ့ဘဝနှင့် နီးစပ်သော သင်ရိုးညွှန်းတမ်းများလည်း ဆရာ ဆရာမများကလည်း အရည် အသွေး မြင့်မားဖို့ လိုအပ်ကြောင်း၊ နှစ်ပေါင်းများစွာ အရိုးစွဲလာသည့် အလွတ်ကျက် စနစ်ကို ပပျောက် စေဖို့မှာ သင်ကြားရေး အထောက်အကူ ပစ္စည်းများလည်းလိုအပ်ပြီး ယခု ပြခန်းများတွင် ပြသထားသည့် သိပ္ပံပစ္စည်း ကိရိယာများကို ထိရောက်စွာ လေ့လာ သင်ယူပြီး အကျိုးရှိစွာ ပြန်လည် အသုံးချ သင်ကြားနိုင်လျှင် အဖိုးမဖြတ်နိုင်သော အကျိုးတရားများ ရရှိစေမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည် အရည်အသွေးမီသော ပညာရေးတစ်ရပ် ဖြစ်ပေါ်ရေးအတွက် အားလုံးက ကြိုးပမ်း လျက်ရှိရာ ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတကာ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံတကာ ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပညာရေး ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများအား အကောင် အထည်ဖော် ဆောင်ရွက်လျက်၇ှိကြောင်းး၊ ထိုသို့သော အခြေအနေတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ China Science and Technology Museum က သိပ္ပံ ပစ္စည်း ကိရိယာများ လာရောက်ပြသ ပေးခြင်းမှာ မိမိတို့အတွက် ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
အဆိုပါ ပြပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် ကောင်စီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ NLD ပါတီမှ နာယက ဦးဝင်းထိန်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီးနှင့် အဖွဲ့၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China Science and Technology museum မှ ပညာရှင်များ တက်ရောက်ခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Ms. Li Xiao Yan က “အခုပြပွဲဟာ တရုတ် – မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများရဲ့ အရေးပါ လှတဲ့ နိုင်ငံရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါ တယ်၊ တရုတ် – မြန်မာ နှစ်နိုင်ငံ သိပ္ပံနဲ့ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုဟာ အလွန်အရေးပါသလို ကောင်းမွန်တဲ့ အလားအလာတွေလည်း ရရှိနေပါတယ်” ဟုပြောကြားခဲ့သည်။
ထို့အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China Science anျd Technology museum ကျောင်းအုပ် General Director Mr. Yin Hao ကလည်း “ဒီပြပွဲမှာ ပြထားတဲ့ သိပ္ပံ ပစ္စည်း ကိရိယာတွေဟာ ခေတ်သစ် ပိုးလမ်းမကြီး One Belt, One Way ဖော်ဆောင်မှုအရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် သမ္မတကြီး ရှီကျင့်ဖျင်ရဲ့ လမ်းညွှန်မှုအရ စီမံ ပြုလုပ်ထားတာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ပညာရေးကို အထောက်အကူဖြစ်စေမယ်လို့လည်း ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
နေပြည်တော် အ ထ က (၆) တွင် အဆိုပါ ပြခန်းများ၇ှိ သိပ္ပံပစ္စည်းများနှင့် ပတ်သက်သည့် သင်တန်း အား ၂၀၁၈ ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက် နေ့အထိ ကျင်းပခဲ့ရာ နေပြည်တော်မှ ဆရာ ဆရာမ ၁၀ ဦး၊ မန္တလေးမှ ၁၀ ဦးနှင့် ရန်ကုန်မှ ၁၀ ဦး- စုစုပေါင်း သင်တန်းသား ၃၀ ဦးတို့ တက်ရောက်ခဲ့ကြပြီး အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အလျဉ်းသင့်သလို ရွှေ့ပြောင်း ပြသသွားမည် ဖြစ်ကြောင်း၊ အသေးစား ရုပ်ရှင်ရုံငယ် တစ်ရုံပါဝင်သည့် အဆိုပါ ပြခန်းများကို လက်၇ှိ နေပြည်တော် အ ထ က (၆) တွင် ခြောက်လကြာအထိ ခင်းကျင်းပြသထားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)