Education & Health
ရာသီ တုပ်ကွေး ရောဂါပိုး ထပ်မံ တွေ့ရှိသူ နှစ်ဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သေဆုံး
ရန်ကုန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ရာသီ တုပ်ကွေး ရောဂါပိုး ထပ်မံ တွေ့ရှိသူ နှစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ယနေ့ဇူလိုင် ၂၅ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
“လက်ရှိ ကုနေတဲ့ ၂ ယောက်တော့ မဟုတ်ပါဘူး။အသစ် ရောက်လာတဲ့ နှစ်ယောက်ပါ။သူတို့ဆုံးပြီးတော့မှ သံသယ ရှိလို့စစ်ကြည့်လိုက်တော့မှ အဲဒီ ပိုးတွေ့တာပါ။တစ်ယောက်ကတော့ ပဲခူးက အမျိုးသားပါ။ နောက်တစ်ယောက်ကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးပါ။အသက်အရွယ်ကတော့ လူလတ်ပိုင်း ဝန်းကျင်တွေပါပဲ။”ဟု ၎င်းက ပြောကြားခဲ့သည်။
ရာသီတုပ်ကွေးရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် သုံးဦး၊ ချင်းပြည်နယ် မတူပီမြို့တွင် ၁၀ဦး ဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားရေးရာဝန်ကြီးဌာနမှ ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရာသီ တုပ်ကွေး ရောဂါ ဖြစ်ပွားမှု နှင့် ပတ်သက်၍ ပြည်သူလူထု အနေဖြင့် ရောဂါ ကြိုတင် ကာကွယ်ရေး နှိုးဆော်ချက်များကို လိုက်နာ ဆောင်ရွက်သွားကြရန် နှင့် တုပ်ကွေးဆန်သော ရောဂါ လက္ခဏာများ ဖြစ်ပွား လာပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့သတင်း ပေးပို့ကုသမှု ခံယူရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။(Xinhua)