Education & Health
အခြေခံသင်ရိုးတွင် ကျား၊မ တန်းတူညီမျှရေး၊ တိုင်းရင်းသားယဉ်ကျေးမှုများပါရန်ရေးဆွဲ
ရန်ကုန်၊ ဇူလိုင် ၂၅ရက် (ဆင်ဟွာ)
ပြည်တွင်းရှိ အခြေခံပညာ အဆင့် ဘာသာရပ် အလိုက် သင်ရိုးညွှန်းတမ်း ကော်မတီ များက ရေးဆွဲနေသည့် သင်ရိုးညွှန်းတမ်း များတွင် ကျား၊ မ တန်းတူ ညီမျှရေးနှင့် တိုင်းရင်းသား များ၏ ရိုးရာဓလေ့ ယဉ်ကျေးမှုများ ပါရှိရန် ရေးဆွဲ ထားကြောင်း တပ်ကုန်းမြို့နယ် ပညာရေးမှူး ၏ ပြောကြားချက်အရ သိရသည်။
ထိုသို့ သင်ရိုးညွှန်းတမ်း များ ရေးဆွဲရေး အတွက် လုပ်ငန်းခွင် အကြို သင်တန်းနှင့် လုပ်ငန်းခွင် ဝင်သင်တန်းများ ပို့ချပေးရမည့် အပြင် ပြည်တွင်းပြည်ပ အရည်အသွေးမြှင့် သင်တန်းများ တိုးမြှင့်ရန်၊ သင်ရိုးအလိုက် ခက်ခဲမှု အတိမ်အနက် နှင့် ဆီလျော်မှုကို ထည့်သွင်း စဉ်းစားရန်၊ ဘာသာရပ် အလိုက် ပါဝင်သင့်သော အကြောင်းအရာများ ထပ်မနေ စေရန်၊ သင်ခန်းစာနှင့် သင်ထောက်ကူ ပစ္စည်း ပြည့်စုံ လုံလောက် စေရန်တို့ကို အလေးထား ဆောင်ရွက် ထားကြောင်း သိရသည်။
ထို့ပြင် သင်ရိုးညွှန်းတမ်း နှင့်ကျောင်းသုံး စာအုပ်ပြုစုရေး ကော်မရှင် ဖွဲ့စည်းရန်၊ အခြေခံပညာ သင်ရိုးများကို အဆင်ပြေ ချောမွေ့စွာ ဆက်လက်ရေးဆွဲ နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရေး အဖွဲ့အား ဘာသာရပ် ဆိုင်ရာ သင်ရိုးညွှန်းတမ်း ကော်မတီ ဥက္ကဋ္ဌများက အနီးကပ် ကြီးကြပ်ပြီး ပညာရေး သုတေသန ဦးစီးဌာန၊ လူ့စွမ်းအား အရင်းအမြစ်နှင့် ပညာရေး စီမံကိန်း ဦးစီးဌာန တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။
ထိုသင်ရိုးညွှန်းတမ်း များတွင် စာသင်ချိန်၊ သင်ယူနည်း၊ စစ်ဆေးနည်း၊ စာဖြေနည်း၊ ဒေသတစ်ခု၏ သင်ရိုး၊ တိုင်းရင်းသား များ၏ ဘာသာစကား သင်ယူနည်း၊ သင်ရိုးနှင့် တွဲဖက်သင်ရိုး များ၏ အခန်းကဏ္ဍ၊ သင်ကြား သင်ယူနည်း စနစ်အားလုံးမှာ နိုင်ငံတစ်ဝန်း ကွဲပြား နေခြင်းကြောင့် တစ်ပြေးညီ တူညီစေရန် အခြေခံပညာ သင်ရိုးညွှန်း မူဘောင် တစ်ခုတည်း ချမှတ်ရေးဆွဲမှုများ ရှိကြောင်း သိရသည်။ (Xinhua)