Connect with us

Education & Health

လာမည့် နှစ်လတာအတွင်း ဆရာဝန် အသစ် နှစ်ထောင် ခန့်အပ်မည်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

လာမည့် နှစ်လတာအတွင်း မြို့နယ် ဆေးရုံများအတွက် ဆရာဝန် အသစ် ဦးရေ နှစ်ထောင် ခန့်အပ် သွားမည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး၏ ဒုတိယနေ့တွင် ပြောကြားခဲ့သည်။

“တိုးတက် များပြားလာသော လူဦးရေနဲ့အညီ ယခု လက်ရှိ ဖွင့်လှစ်ထားသော ၂၅ – ခုတင် ဆေးရုံကို အထူးကု ဘာသာရပ် ရှစ်မျိုး ပါဝင်သော ခုတင် ၅၀ ဆန့်စံကိုက် ဖွဲ့စည်းပုံ အဆင့် တိုးမြှင့်ရန် ဖွဲ့စည်းပုံ ခွင့်ပြုမိန့် ရရေး အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ဆောင်ရွက်ထား ပြီးပါပြီ။ ဒီဆေးရုံမှာ ဖွဲ့စည်းပုံအရ ဆရာဝန် လေးယောက် ရှိရမှာ အခု တစ်ယောက်ပဲ ရှိပြီး သုံးယောက် လိုနေပါတယ်။ ဒါကို အမြန်ဆုံး ဖြည့်ပေးပါမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လာမယ့် နှစ်လအတွင်းမှာ ဆရာဝန် နှစ်ထောင်လောက် အသစ်ခန့်ဖို့ရှိပါတယ်”ဟု ဒဂုံမြို့သစ် တောင်ပိုင်းတွင် ခုတင် ၁၀၀ ဆန့် ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ မရှိ ဟူသည့် အဆိုပါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်၏ မေးခွန်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရပ်ကွက်ပေါင်း ၂၂ ခု၊ လူဦးရေ သုံးသိန်းနှင့် အိမ်ထောင်စုပေါင်း ခြောက်သောင်း နီးပါးခန့် နေထိုင်လျက် ရှိသည့် ဒဂုံမြို့သစ် တောင်ပိုင်းတွင် လက်ရှိ ၂၅ – ခုတင် ဆေးရုံသာ ရှိကြောင်း၊ နေထိုင်သူ အများစုတို့မှာ မြို့သစ် တည်ဆောက်ရန် လယ်ယာ အသိမ်းခံထားရသော ဒေသခံ ရွာသားများနှင့် ရန်ကုန်မြို့တွင်းမှ အစိုးရ ဝန်ထမ်းများသာ ဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု အတွက် အခြားသော ဆေးရုံ၊ ဆေးခန်းများသို့သွားရောက် ကုသဖို့အဆင်မပြေသူများ ဖြစ်သောကြောင့် ခုတင် ၁၀၀ ဆေးရုံ ဆောက်ပေးရန် ဒဂုံ မြို့သစ် တောင်ပိုင်း အမတ် ဦးအေးခိုင်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“ဆေးရုံ လုပ်ငန်းဆောင်ရွက်မှု အညွှန်းကိန်းများတွင် ခွင့်ပြုခုတင်နှင့် အသုံးချမှု ရာခိုင်နှုန်းမှာ ၂၀၁၁ မှ ၂၀၁၅ အတွင်း ပျမ်းမျှ ၄၉.၃ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒီအညွှန်းကိန်းတွေကို ပြန်လေ့လာကြည့်ရင် ခုတင် ၅၀ ပေးလိုက်ရင် လုံလောက်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြန်ဖြေကြားခဲ့သည်။
ထို့အပြင် သူက “ခုတင် ၂၅ ကနေ ခုတင် ၅၀ ကို တိုးလိုက်ခြင်း အားဖြင့် ဆေးရုံဝန်ထမ်းက အခု ၅၅ ဦးကနေ ၁၅၀ လောက် ဖြစ်လာပါမယ်။ လက်ရှိ လူနာ အနေအထားက ၅၁ ရာခိုင်နှုန်းပဲ ရှိနေလို့ ခုတင် ၁၀၀ ချက်ချင်း လုပ်ပေးဖို့မလိုသေးပါဘူး။ ဒီဆေးရုံမှာ ဆရာဝန် တစ်ယောက်ပဲ ရှိလို့လူနာ နည်းရတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆေးရုံရဲ့ အခြေအနေကို အမြဲ သုံးသပ်ပြီး လိုအပ်ရင် လိုအပ်သလို တိုးမြှင့်ပေးသွားပါ့မယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီဒဂုံမြို့သစ် တောင်ပိုင်းမှာက လယ်ယာမဲ့ မိသားစုတွေ ရှိတဲ့ အတွက် ပြင်ပ ဆေးခန်းကို ပြနိုင်ဖို့လုံးဝ မလွယ်ပါဘူး။ ဒါကြောင့် အခြေအနေကို မျက်ခြည်မပြတ် ကြည့်ပြီး အထူး အစီအစဉ်နဲ့ဆောင်ရွက် ပေးသွားပါမယ်” ဟုလည်း ဖြည့်စွက် ပြောကြားခဲ့သည်။
မြို့နယ် ဆေးရုံများ အားလုံးကို ၂၀၁၆ မှ ၂၀၂၁ ခုနှစ်- ငါးနှစ်အတွင်း ဝန်ထမ်းအင်အား အပြည့် ရှိရေး အပါအဝင် အဆင့်မြှင့်တင်ပေးသွားမည် ဟုလည်း ဝန်ကြီးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.