Connect with us

Environment, Disasters & Accidents

ငါးမန်း၊ ငါးလိပ်ကျောက်များ ထိန်းသိမ်းရေး စီမံကိန်း အပြီးသတ်မူကြမ်း ရေးဆွဲ

စိုက်-မွေး-ဆည် ဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် အဖွင့်စကား ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် အဏ္ဏဝါ သယံဇာတများ၊ အဏ္ဏဝါ ဇီ၀ မျိုးစုံ မျိုးကွဲများ ကြွယ်စသည့် ပင်လယ်ကမ်းရိုး တန်း ဒေသ သုံးခုအား ပိုင်ဆိုင်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဇီဝမျိုးစုံ မျိုးကွဲများ လျော့နည်းလျက်ရှိရာ အဏ္ဏဝါ ဂေဟစနစ်၏ အစာပိရမစ်(food pyramid) ထိပ်ဆုံး ရှိ ငါးမန်းများ၊ ငါးလိပ်ကျောက်များ ထိန်းသိမ်းရေး အတွက် လိုအပ်လျက် ရှိကြောင်း စိုက်-မွေး-ဆည် ဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ယနေ့နံနက် ပြောကြားခဲ့သည်။

နေပြည်တော် The Hotel Amara ၌ ယနေ့ ပြုလုပ်သည့် အမျိုးသား အဆင့် ငါးမန်းနှင့် ငါးလိပ် ကျောက် မျိုးစိတ်များ ထိန်းသိမ်းရေး လုပ်ငန်း အကောင်အထည်ဖော်ရေး စီမံချက် မူကြမ်း (Final Draft) ရှင်းလင်း တင်ပြခြင်း အစည်းအဝေးတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်ပြီး  “အစာပိရမစ် ထိပ်ဆုံးက ငါးမန်းတွေသာ မရှိတော့ရင် တချို့ငါးတွေက အဆမတန်ပွားလာပြီး အစာအတွက် နေရာအတွက် လုရတာ ပြိုင်ကြရတာတွေမှာ ရှင်သန်နှုန်း မျိုးပွားနှုန်းမြင့်တဲ့ ငါးတွေ အဆမတန် ပွားလာမယ်၊ တချို့ငါးတွေကျတော့ မျိုးပျောက်သွားနိုင်ပြီး တန်ဖိုးနည်းတဲ့ ငါးတွေ အဆမတန်ပွားလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်၊ အခု ရေးဆွဲထားတဲ့ အမျိုးသား အဆင့် စီမံကိန်းအတည်ပြု မူကြမ်း(final draft) မှာ မျိုးသုဉ်း အန္တရာယ်နဲ့ကြုံနေရတဲ့ ငါးမန်း ၁၃ မျိုးနဲ့ ငါးလိပ်ကျောက် ၁၄ မျိုးတို့ကို ထိန်းသိမ်းဖို့ ပါပါတယ်” ဟုလည်း ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်။

WCS (Wildlife Conservation Society) မှ ဦးမြသန်းထွန်း အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

စီမံကိန်း မန်နေဂျာ ဦးဇော်လွန်း ရှင်းလင်း တင်ပြစဉ်။(ဆင်ဟွာ)

ငါးမန်း၊ ငါးလိပ်ကျောက်များ ထိန်းသိမ်းရေး စီမံချက် Final Draft အစည်းအဝေး ကျင်းပနေစဉ်။(ဆင်ဟွာ)

အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးစဉ်။(ဆင်ဟွာ)

အမျိုးသား အဆင့် ငါးမန်းနှင့် ငါးလိပ်ကျောက် မျိုးစိတ်များ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့နှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့က ၂၀၁၈ ဇူလိုင်လ ၁၇ နှင့် ၁၈ ရက်တို့တွင် နေပြည်တော်၌ လည်းကောင်း၊ ၂၀၁၉ မေ ၃၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌လည်းကောင်း၊ ၂၀၁၉ စက်တင်ဘာ ၃၀ တွင် ရန်ကုန်မြို့၌လည်းကောင်း အမျိုးသား အဆင့် ငါးမန်းနှင့် ငါလိပ်ကျောက်မျိုးစိတ်များ ထိန်း သိမ်းရေး လုပ်ငန်းစီမံချက် မူကြမ်းဆိုင်ရာ ဆွေးနွေးပွဲများကို သက်ဆိုင်ရာဌာနများ၊ ဒေသခံအဖွဲ့ အစည်း များ၊ ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ ဆရာ ဆရာမများနှင့် အဆင့်ဆင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ယခု အပြီးသတ် မူကြမ်းကို ဗဟိုအဆင့် ဌာနဆိုင်ရာများအား ချပြ၍ စုပေါင်း အတည်ပြုနိုင်ရန် ယနေ့ ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း၊ အရေအတွက် ကျဆင်းနေသည့် ငါးမန်းနှင့် ငါးလိပ်ကျောက် မျိုးများကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်မည့် မဟာဗျူဟာ စီမံချက် ချမှတ်ုပြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ရေရှည် တည်တံ့စေရေးနှင့် ဒေသခံ ပြည်သူများ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်လာစေဖို့ ရည်ရွယ် ကျင်းပရခြင်း ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်တွင် နိုင်ငံအဆင့် ကမ်းရိုးတန်း စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီ (NCRMC)၊ ငါးလုပ်ငန်း ဦးစီးဌာန၊ ဝန်းကျင် /သားငှက် ဌာန၊ သစ်တောဦးစီးဌာန၊ မြန်မာ့တပ်မတော်(ရေ) ရေကြောင်းရဲတပ်ဖွဲ့၊စီးပွား-ကူးသန်းဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြို့တော် စည်ပင်သာယာရေး ကော်မတီများ/ ဈေးများ ဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီး ဌာန၊ တက္ကသိုလ် အဏ္ဏဝါ သိပ္ပံဌာနများ၊ လူထု အခြေပြုအဖွဲ့များ၊ WCS, FFI နှင့် SEAFDEC  တို့ ပါဝင်မည်ဖြစ်ပြီး ယခုအစည်းအဝေးသို့ ၎င်းဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.