Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီး/ပြည်နယ် ၅ ခု၌ ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၆၇,၀၀၀ ကျော် ရေဘေးသင့်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ နေအိမ်တစ်လုံးတွင် ဇူလိုင် ၃၁ ရက်က ရေဝင်ရောက်သဖြင့် ယာယီရေဘေးရှောင်စခန်းသို့ ကူညီရွှေ့ပြောင်းနေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar Fire Services Department)

ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး/ပြည်နယ် ၅ ခုတွင် ရေကြီးရေလျှံမှုများကြောင့် ဇူလိုင် ၁၁ ရက်မှ သြဂုတ် ၃ ရက်ထိ အိမ်ထောင်စုပေါင်း ၁၆,၀၀၀ ကျော် ၊ လူပေါင်း ၆၇,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာသို့ ယနေ့တွင် ပြောကြားခဲ့သည်။ 

“ကချင် ၊ စစ်ကိုင်း ၊ မကွေး ၊ မန္တလေး အဲဒီနေရာ လေးခုမှာ ရေဘေးရှောင် နေရာက ၁၈၀ လောက်တော့ ရှိသေးတယ်။လူဦးရေ ၆၁,၀၀၀ ကျော် ၊ အိမ်ထောင်စုက ၁၅,၀၀၀ လောက် လက်ရှိ ရေဘေး ပြောင်းရွှေ့ နေထိုင်ဆဲ ပေါ့နော်။ ပဲခူးတိုင်းထဲမှာ ပြောင်းရွေ့ပြီး နေထိုင်တဲ့ အိမ်ထောင်စုက ၁,၃၃၈ ၊ လူဦးရေက ၆,၂၇၁ ဦးပါ။”ဟု ၎င်းက ဆိုသည်။ 

ယခုအခါ ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း ၁၉၀ ကျော် ဖွင့်လှစ်ထားပြီး လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ငွေကျပ်သန်းပေါင်း ၁၆၉ သန်းခန့် ထောက်ပံ့ ပေးအပ်ထားပြီး ဖြစ်ကြောင်း သိရသည်။ 

“ထောက်ပံ့တာတွေက ပြောင်းရွှေ့တဲ့ ပြည်သူတွေဆိုရင် ဆန်ရိက္ခာဖိုး ထောက်ပံ့တာ ရှိပါတယ်။ နောက်ပြီး COVID-19 နဲ့ ဆက်စပ်ပြီးတော့ Mask တွေ ၊ ဆပ်ပြာတွေ ထောက်ပံ့တာ ရှိပါတယ်။ ရေမျောပါပြီး ပျက်စီးတာ ၊ တစ်ချို့ဆို တစ်စိတ်တစ်ပိုင်း ပျက်တာ အခုထိဆိုရင်တော့ အိမ် ၃၄ လုံးလောက် ရှိတာပေါ့။ အဲဒီအိမ်တွေအတွက်ဆို အိမ်ဆောက်ပစ္စည်း ထောက်ပံ့တာရှိပါတယ်။ နောက်ပြီး တစ်ချို့နေရာတွေ ခေါက်ဆွဲခြောက်တို့ ၊ ရေသန့်တို့ အဲလိုတွေ ထောက်ပံ့တာတွေ ရှိပါတယ်။”ဟု ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့အတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပြီး ပြောင်းရွှေ့စာရင်း အတိအကျ မရရှိသေးကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.