Connect with us

Environment, Disasters & Accidents

ဧရာဝတီလင်းပိုင်များ ကာကွယ်ထိန်းသိမ်းရေးအတွက် ကင်းလှည့်စောင့်ကြည့်ခြင်းလုပ်ငန်းအား တစ်နှစ် (၃)ကြိမ်အထိ တိုးမြှင့်ဆောင်ရွက်မည်

ဧရာဝတီလင်းပိုင် ကာကွယ် ထိန်းသိမ်းဆောင်ရွက်မှု တစ်ခု ပြုလုပ်နေစဉ်(MRTV)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဧရာဝတီလင်းပိုင်များ ကာကွယ်ထိန်းသိမ်းရေးအတွက် ကင်းလှည့်စောင့်ကြည့်ခြင်းလုပ်ငန်းအား တစ်နှစ် (၃)ကြိမ်အထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

အဆိုပါ လင်းပိုင်များအား ယခင်နှစ် က (၁)ကြိမ်သာဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်မှစ၍ တစ်နှစ်ကို (၃)ကြိမ်အထိ တိုးချဲ့လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် လျှပ်စစ်ရှော့တိုက် ငါးဖမ်းမှုများကြောင့် ဧရာဝတီလင်းပိုင်များ သေဆုံးနေကြောင်း၊ အဆိုပါ တိုင်းနှစ်တိုင်း ပူးပေါင်းဆောင်ရွက်မှသာ ထိထိရောက်ရောက် အရေးယူနိုင်ပြီး ဧရာဝတီလင်းပိုင်များသေဆုံးမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဌာန ဝန်ကြီး ဦးမိုးကျော်သူက ပြောကြားသည်။

ဧရာဝတီလင်းပိုင် ကာကွယ် ထိန်းသိမ်းဆောင်ရွက်မှု တစ်ခု ပြုလုပ်နေစဉ်(MRTV)

ဧရာဝတီမြစ်အတွင်း လျှပ်စစ်ရှော့တိုက် ငါးဖမ်းမှုကြောင့် ဧရာဝတီလင်းပိုင်များ သေဆုံးနေမှုကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် မြစ်ကြောင်းတစ်လျှောက် ရှော့တိုက်ငါးဖမ်းသည့် နေရာများ၊ ရေပြင်အခြေအနေများ၊ ပိတ်ဆို့စစ်ဆေးရမည့်နေရာများကို သွားရောက်စစ်ဆေးထားပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

ဧရာဝတီမြစ်ရေပြန်ကျချိန်တွင် ရှော့တိုက်ငါးဖမ်းသူများကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်ရန် စတင်မည်ဖြစ်ကြောင်း ၎င်းဆက်လက် ပြောကြားခဲ့သည်။၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ကောက်ယူခဲ့သည့် နောက်ဆုံး စာရင်းများအရ ဧရာဝတီလင်းပိုင် (၇၉) ကောင်အထိရှိခဲ့ပြီး စံချိန်တင် အများဆုံးတွေ့ရှိရသော နှစ်ဖြစ်သလို ကောင်ရေ အများဆုံး သေဆုံးခဲ့သည့်နှစ်လည်း ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။(Xinhua)