Environment, Disasters & Accidents
ဖန်နီမုန်တိုင်း ၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလထုတ်ပြန်
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI)၏ အရှိန်ကြောင့် ယနေ့နံနက် မှ နောက်(၇၂)နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိုင်ကြောင်း သိရသည်။
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)၏ အရှိန်ကြောင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးဇလ မှ အကြံပြုချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)