Connect with us

Environment, Disasters & Accidents

ဖားကန်မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၁၆၆ လောင်းထိ ရှာဖွေတွေ့ရှိထား၊ကယ်ဆယ်ရေးဆက်လက်လုပ်ကိုင်

ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုအတွင်း ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူများအား ကယ်ဆယ် ရှာဖွေရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့်  ယနေ့ ဇူလိုင် ၃ရက် နံနက် ၁၀နာရီထိ  ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၁၆၆ လောင်း ရှာဖွေတွေ့ရှိထားပြီး ဒဏ်ရာရရှိသူ ၅၄ ဦးရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

” ခုမနက်ကယ်ဆယ်ရေးဆက်လုပ်နေပါတယ်၊ ဒီမနက် ၄လောင်းထပ်ပေါ်လာတယ်” ဟု ကယ်ဆယ်ရေးဆောင်ရွက်နေသော ဖားကန့်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုအတွင်း ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူများအား ကယ်ဆယ် ရှာဖွေရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ယနေ့ ကယ်ဆယ်ရေးလုပ်ငန်းများကို မြေစာပုံပြိုကျသည့်နေရာတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများစွာ ကယ်ဆယ်ရှာဖွေရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ ၂ရက်နေ့တွင် ရေမဆေးသမားများက ရေမဆေးကျောက်ဝင်ရောက်ရှာဖွေနေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာမှ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့အများအပြား နွံနစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစာပုံပြိုကျသည့်နေရာသည် လုပ်ငန်းများယာယီရပ်နားထားသည့် နိုင်ငံတော်နှင့် အကျိုးတူ လုပ်ငန်းလုပ်ကိုင်လျက်ရှိသော ရတနာကြယ် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်ဖြစ်ပြီးအမြင့် ၁,၀၀၀ ပေ အလျား ၇၀၀ ပေခန့် မြေသားများအက်ကြောင်းဖြစ်ပြီး ပြိုကျကာ အောက်ခြေတွင်ရှိသော အကျယ် ၁,၀၀၀ x ၅၀၀ ပေခန့်ရှိ ရေကန်အတွင်းသို့ မြေသားများဝင်ရောက်ခဲ့ကြောင်း၊ ထိုအချိန်တွင် ရေကန်ပတ်လည်တွင် ရေမဆေး ကျောက်ရှာဖွေသူများသည် နွံလှိုင်းရိုက်ခတ်မှုများကြောင့် ရေကန်အတွင်းသို့ မြေသားများနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ (Xinhua)