Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ၌ သီးနှံမျိုးစုံ ဖျက်ဆီးတတ်သော ကန္တာရကျိုင်းကောင် ကျရောက်ခြင်း မရှိသေး ၊ သတိပြုနိုင်ရန် နှိုးဆော်ထား

ကန္တာရကျိုင်းကောင်၏ အကောင်ကြီးငယ် အရွယ်အစားအလိုက် တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ သီးနှံမျိုးစုံအား စားသောက်ဖျက်ဆီးတတ်သော ကန္တာရကျိုင်းကောင်(နှံကောင်) ကျရောက်ခြင်း မရှိသေးဘဲ သတိပြုနိုင်ရန် နှိုးဆော်ထားကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ စိုက်ပျိုးရေး ဦးစီးဌာန ၊ သီးနှံကာကွယ်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီထိန်က ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“အဓိကတော့ အခု ကျွန်မတို့ဆီမှာ တွေ့နေရတဲ့ နှံကောင်များက အိမ်နီးချင်းနိုင်ငံ (အိန္ဒိယ)မှာ ဆိုးဆိုးဝါးဝါးကျနေတဲ့ ဖျက်အားပြင်း ကန္တာရကျိုင်းကောင်(နှံကောင်)မဟုတ်ဘူး။ ကျွန်မတို့ဆီမှာ ရှိနေတဲ့ နှံကောင်တွေကတော့ အရင်ထဲက ရှိနေတဲ့ Local တွေပါ ။ ကန္တာရကျိုင်းကောင်(နှံကောင်)လဲ ကျွန်မတို့ဆီ ရောက် လာနိုင်တဲ့ အခွင့်အရေး နည်းပါးပါတယ်။ ကျွန်မတို့အဖွဲ့လဲ ကွင်းဆင်းစစ်ဆေး အတည်ပြုပြီးသားဖြစ်ပါတယ်။အဲဒီဒေသမှာ ရှိတဲ့ စိုက်ပျိုးရေးဝန်ထမ်းများကိုလည်း ကန္တာရကျိုင်းကောင် ရဲ့ ရုပ်လက္ခဏာ  အလေ့အထတွေကို အကုန် ရှင်းလင်းပြီးသားပါ။ မြန်မာနိုင်ငံတွင် လက်ရှိကျရောက်လျက် ရှိတာက အဝါစက် ပြောက်နှံကောင် (သို့) yellow spotted grasshopper ဖြစ်ပါတယ်။” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီထိန်က ပြောကြားခဲ့သည်။

အဝါစက် ပြောက်နှံကောင် (သို့) ကော်ဖီနှံကောင်အား တွေ့ရစဉ်(ဓာတ်ပုံ – The Mirror Daily) 

မြန်မာနိုင်ငံတွင် လက်ရှိကျရောက်လျက်ရှိသော နှံကောင်သည် အဝါစက် ပြောက်နှံကောင် (သို့) ကော်ဖီနှံကောင် ဖြစ်ပြီး ယခုနှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသ ကြီး ဝန်းသိုမြို့နယ် (သဖန်းဆိပ်ကျေးရွာ)၊ ရခိုင် ပြည်နယ် သံတွဲမြို့နယ် (မော်ရုံကျေးရွာ)နှင့် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် (ဝက်ရုပ် ကျေးရွာ) တို့တွင် ကျရောက်လျက်ရှိကြောင်း ၊ လက်ရှိအခြေအနေတွင် ယခုနှစ် မေလ အတွင်း သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ တွင်လည်း ကျရောက်လျက်ရှိကြောင်း ၊ ပုံမှန်ရာသီ ဥတုအခြေအနေများတွင် တစ်ဟုန်ထိုး ပွားများ ကျရောက်ခြင်း (Outbreak) ဖြစ်ပွားနိုင်ခြင်းမရှိ သော ဖျက်ပိုးအမျိုးအစား ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ တွင် ၁၉၉၄ ခုနှစ်၌ ကျရောက်ခဲ့ခြင်းကို တွေ့ရှိရကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် လက်တလော ကော်ဖီနှံကောင် ကျရောက်မှုအပေါ်တွင် ပြည်သူများ စိုးရိမ်နေ ကြသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျရောက်နေမှု အခြေအနေများ၊ ယင်းဖျက်ပိုး နှိမ်နင်းနည်းများနှင့် စောင့်ကြည့်ရမည့် အချက်များအား သိရှိနိုင်ရန်နှင့် ကျရောက်လာသည့် ဖျက်ပိုးအမျိုးအစားများ အလိုက် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနများသို့ အသိပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ 

ထို့အတူ ကန္တာရကျိုင်းကောင် (နှံကောင်)များ ဖြတ်သန်းဝင်ရောက်လာနိုင်မည့် အန္တရာယ်ကို မြန်မာနိုင်ငံ အနောက် ဘက်ခြမ်းရှိ ရခိုင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်တို့ရှိ ဒေသတစ်ချို့အား သတိထားစောင့်ကြည့်ရန် သတ်မှတ်ထားကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ကန္တာရကျိုင်းကောင်(နှံကောင်) (Desert Locust) အန္တရာယ်နှိုးဆော်ချက်တွင် ဖော်ပြထားသည်။

“ကျရောက်နိုင်တဲ့ နေရာတွေဆိုတာ အိမ်နီးချင်းနိုင်ငံ က လေလမ်းကြောင်းနဲ့ မြန်မာနိုင်ငံ အစပ် ဒီဘက်ကို ဖြစ်နိုင်တယ်လို့ ပြောထားတာပါ။ ဖြစ်လာဖို့ Chance က နည်းပါတယ်။ မြန်မာနိုင်ငံမှာက တောင်ကြောတွေလည်း ရှိတယ်။ ဒါပေမယ့် အတိအကျတော့ ပြောလို့ မရဘူး ။ လေတိုက်လမ်းကြောင်းက ဘယ်ကနေ ပြောင်းပြီး ဘယ်လို တိုက်လာမလဲ ဆိုတာမျိုး ဆိုတာက ပြောလို့ မရဘူး။ အဓိကတော့ အိန္ဒိယကနေပြီးတော့ နယ်နိမိတ်ဆက်တယ်လို့ ထင်ရတဲ့ လမ်းကြောင်းတွေကို alarm လုပ်လိုက်တာပါ။ သတိထားဖို့ ပြောတာတော့ ရှိပါတယ်။”ဟု သီးနှံကာကွယ်ရေး ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီထိန်က ပြောကြားခဲ့သည်။

ကန္တာရကျိုင်းကောင်(နှံကောင်)များ တွေ့လျှင်တွေ့ရှိချင်း ထိရောက် သော နှိမ်နင်းမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန အဆင့်ဆင့်နှင့် ဆက်စပ်အဖွဲ့အစည်း များကို ချက်ချင်းအကြောင်းကြားရန် ၊ ကန္တာရကျိုင်းကောင်(နှံကောင်)ကို စစ်ဆေးသိရှိနိုင်ရန်အတွက် ရုပ်သွင်ပြင်လက္ခဏာတွင် အကောင်ကြီးများ၏ အရွယ်အစား မှာ အထီး (၄ – ၅) စင်တီမီတာ၊ အမ (၅- ၆)စင်တီမီတာ ရှည်လျားပြီး အဝါ ရင့်ရောင်(သို့မဟုတ်) ပန်းရောင်ရှိသည်။ အတောင်ပေါ်တွင် အညိုရင့် ရောင်အပြောက်များ တွေ့ရှိရကြောင်း သိရသည်။ 

ကန္တာရကျိုင်းကောင် (နှံကောင်) (Desert Locust) မှာ သိပ္ပံအခေါ် Schistocerca gregaria ဖြစ်ပြီး နှံကောင်မျိုးနွယ်ဝင် ဖြစ်ကြောင်း ၊ ၎င်းတို့သည် သဲကန္တာရဆန်သော မြေများတွင် ဥချလေ့ရှိပြီး လိုအပ် သော အစိုဓာတ်ရရှိသည်နှင့် နှံကောင်ငယ်များ ပေါက်ပွားလာကြောင်း ၊ အတောင်ပေါက်၍ ပျံနိုင် သည့်အဆင့်သို့ ရောက်ရှိလာသည့် နှံကောင်အုပ်စုငယ်များ အုပ်စု တစ်ခုနှင့်တစ်ခု စုပေါင်းမိကြသည့် အခါ ရှည်လျားသည့် နှံကောင်အုပ်စု ကြီးများအဖြစ် မိုင်ထောင်ပေါင်း များစွာ ပျံသန်းသွားနိုင်၍ သွားရာ လမ်းတစ်လျှောက် သီးနှံမျိုးစုံ အကုန်စားသောက်ဖျက်ဆီး တတ်ကြောင်း သိရသည်။ (Xinhua)