Connect with us

Environment, Disasters & Accidents

မေ ၃ ရက် တွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင် 

၂၀၁၈ ခုနှစ်တွင် ပဲခူးမြို့ ၌ မိုးကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) 

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်မေ ၁ရက်တွင်  လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါလေဖိအားနည်းရပ်ဝန်းသည်  ပိုမိုအားကောင်းလာကာ မေ ၃ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ယန့ ဧပြီ ၂၉ ရက်တွင် ဆင်ဟွာသို့ပြောကြားသည်။

ဦးလှထွန်းက “ဒီမုန်တိုင်းရဲ့ ဦးတည်မယ့် လမ်းကြောင်းက မြစ်ဝကျွန်းပေါ်ဒေသ သို့မဟုတ် ရခိုင်ကမ်းရိုးတန်း ဒေသတွေ ကို ဖြတ်ကျော်မယ့်အခြေအနေရှိ ပေမယ့် ဖြတ်ကျော်မယ့် နေ့ရက် အချိန်တွေ က အတိအကျပြောလို့ မရသေးပါဘူး” ဟု ဆိုသည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အနေဖြင့် မြေပြင်မိုးလေဝသ အခြေအနေများ၊ အထက်လေထုအခြေအနေများ၊ သင်္ချာပုံစံပြု မိုးလေဝသခန့်မှန်းချက်များ၊ ဂြိုဟ်တုတိမ်တိုက်ပုံများ၊ ရေဒါပုံရိပ်များ နှင့် မုန်တိုင်း နှင့်ခန့်မှန်းခြင်းစနစ်များအပြင် ဒေသတွင်း အမျိုးသားမိုးလေဝသ ဌာနများမှ သတင်းအချက်အလက်များကိုပါ ရယူ၍ မုန်တိုင်းခန့်မှန်းချက်၊ သတိပေးချက်များအား ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ မေလဆန်း၌ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာဖွယ်ရာရှိသည့် မုန်တိုင်းနှင့် ပတ်သက်၍ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်သည့် အချိန်မှ မုန်တိုင်းအဖြစ်ရောက်ရှိပြီး မုန်တိုင်းကမ်းခြေကို ဖြတ်ကျော်မည့် အချိန် ထိစောင့်ကြည့် လျက်ရှိကြောင်း၊ မုန်တိုင်းသတိပေးချက်များ အားအချိန် နှင့်တပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ 

ဦးလှထွန်းက “မုန်တိုင်းသတင်းကောလာဟလ တွေကို မယုံပါနဲ့လို့ ပြည်သူတွေ ကိုပြောချင်ပါတယ်။ မိုးဇလ က စဉ်ဆက်မပြတ် မုန်တိုင်းသတိပေးချက်တွေ ကိုပဲ စောင့်ကြည့်ပါလို့ အကြံပြုချင်ပါတယ်’’ ဟု ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua)