Connect with us

Environment, Disasters & Accidents

ရခိုင်ကမ်းရိုးတန်းဒေသသို့မုန်တိုင်းငယ် ၁၂ နာရီ အတွင်း ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်း ၊ အနီရောင် အရေးပေါ်အခြေအနေ သတ်မှတ်

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အား တွေ့ ရစဉ်(ဓာတ်ပုံ-မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ)

ရခိုင်ကမ်းရိုးတန်းဒေသသို့မုန်တိုင်းငယ်သည် နောက် ၁၂ နာရီ အတွင်း ဖြတ်ကျော် ဝင်ရောက် မည်ဟု ခန့်မှန်းရသဖြင့် အနီရောင်အရေးပေါ်အခြေအနေ ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မုန်တိုင်းငယ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းငယ်၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်နှုန်း ဖြစ်ကာ နောက် ၁၂ နာရီအတွင်း ရခိုင် ကမ်းရိုးတန်းဒေသကို စစ်တွေမြို့နှင့် ကျောက်ဖြူ မြို့ကြားမှ ဖြတ်ကျော်ဝင်ရောက် မည်ဟု ခန့်မှန်းထားသည်။

မုန်တိုင်းငယ်သည် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီ လျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်း ရကြောင်း ၊ မုန်တိုင်းငယ် ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းဒေသ မာန်အောင်မြို့၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၏ ကမ်းခြေဒေသများတွင် (၅)ပေမှ (၇)ပေခန့်နှင့် ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေဒေသများတွင် (၃)ပေခန့်အထိ မြင့်တက်လာနိုင် ကြောင်း ခန့်မှန်းရကြောင်း သိရသည်။

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ယနေ့ ၁၀ နာရီခွဲ အချိန် တိုင်းထွာချက်များ အရ အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မာန်အောင်မြို့၏ အနောက် – အနောက် တောင်ဘက် မိုင်(၆၀)ခန့်၊ စစ်တွေမြို့၏ တောင်ဘက် မိုင်(၁၀၀)ခန့်၊ ကျောက်ဖြူမြို့ ၏ အနောက်တောင်ဘက် မိုင်(၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်း များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင် ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး လေယာဉ်များ ၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေ ဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အကြံပြုထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.