Connect with us

Environment, Disasters & Accidents

မုန်တိုင်းငယ် ၂၄ နာရီအတွင်း စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်း

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အား တွေ့ ရစဉ်(ဓာတ်ပုံ-မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားပြီး ယနေ့ နံနက်မှ နောက်(၂၄)နာရီအတွင်း မြန်မာနိုင်ငံ ကမ်း‌ခြေဒေသ၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက် သတင်း ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ယနေ့ နံနက်ပိုင်း ၆ နာရီခွဲ အချိန် တိုင်းထွာချက်များ အရ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၊ သံတွဲမြို့၏ အနောက်- အနောက်တောင်ဘက် (၁၂၈)မိုင်ခန့်၊ စစ်တွေမြို့၏ တောင်- အနောက်တောင်ဘက် (၁၂၅)မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၁၁၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မုန်တိုင်းငယ်သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းငယ်သည် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ် နိုင်သည်ဟု ခန့်မှန်းထားသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြို ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ် ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင် ကြရန်နှင့် ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေ ၂၉ ရက်မှ ၃၁ ရက် အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည် ဖြစ်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ၊ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည် ဖြစ်ကြောင်း သိရသည်။

လှိုင်းအမြင့် မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့်ရှိနိုင်ပါသည်။ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀)ပေခန့်ရှိနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.