Connect with us

Environment, Disasters & Accidents

ရေဘေးသင့် ပြည်သူများအား လှူဒါန်းနိုင်ရေး လက်ကားဆန်ဆိုင်များ ဖွင့်လှစ်ရောင်းချ ပေးသွားမည်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဌ ဦးအောင်သန်းဦး က သတင်းမီဒီယာ များအား ဖြေကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများ အတွက် လှူဒါန်းရန် ဆန်များ လွယ်လင့်တကူ ဝယ်ယူနိုင်ရေးအတွက် လက်ကားဆန်ဆိုင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုတွင် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဌ ဦးအောင်သန်းဦးက ယနေ့ပြောသည်။

ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များ ဆန် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် လက်ကားဆန်ဆိုင်များကို မကွေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ နေပြည်တော်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တို့တွင် လက်ကားဆန်ဆိုင်များ ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဆန်ဈေးနှုန်း တည်ငြိမ်ရေး နှင့် စားနပ်ရိက္ခာ ပြည့်စုံဖူလုံစေရန် ဆန်လုပ်ငန်းရှင်များ ၊ ဆန်စက်ပိုင်ရှင်များအားလုံး ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။ ဆန်ဈေးနှုန်း တည်ငြိမ်အောင် ကုန်စည်ဒိုင်များတွင် ကြီးကြပ်ရေး ကော်မတီများဖြင့် စောင့်ကြည့်နေပြီး မလိုလားအပ်ဘဲ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း ၊ ဈေးထက် ပေါက်ဈေးကွက် ပိုမိုရောင်းချခြင်းများ ရှိပါက အသင်းဝင်အဖြစ်မှ ထုတ်ပယ်ခြင်း ၊ သက်ဆိုင်ရာ စားသုံးသူ ကာကွယ်ရေး ဥပဒေအရ အရေးယူသွားမည်ဟု အသိပေးထားပြီး အားလုံးစောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဌ ဦးအောင်သန်းဦးက ပြောသည်။

မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသည့်အတွက် ပြည်ပနိုင်ငံများသို့ဆန်တင်ပို့မှုကို လက်ရှိကာလမှ စတင်၍ စက်တင်ဘာ ၁၅ ရက်အထိ ခေတ္တယာယီဆိုင်းငံ့ထားရန် ဆုံးဖြတ်ထားသည်။(Xinhua)