Connect with us

Environment, Disasters & Accidents

၂၀၁၅/၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားနေသည့် အယ်နီညို ရာသီဥတုမှာ နှစ်ပေါင်း ၅၀၀ အတွင်း အားအကောင်းဆုံး ဖြစ်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် ပြောကြား

မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ကို ဆင်ဟွာသတင်းဌာနမှ တွေ့ဆုံမေးမြန်းစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

အယ်နီညို ရာသီဥတုမှာ မှတ်တမ်းများအရ ၁၅ ရာစုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၅/၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားနေသည့် အယ်နီညို ရာသီဥတုမှာ နှစ်ပေါင်း ၅၀၀ အတွင်း အားအကောင်းဆုံး ဖြစ်ကာ နောက်ဆုံး တိုင်းတာချက်အရ ဆက်လက် အားကောင်းနေဆဲ ဖြစ်ပြီး လာမည့် ဇွန်လအထိ အယ်နီညို ရာသီဥတု သက်တမ်း ရှိနေမည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆင်ဟွာ သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“လက်ရှိ အယ်နီညိုက ၂၀၁၅ ခုနှစ် ဇွန်လထဲက စပြီးတော့ အားအကောင်းဆုံးက ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ အယ်နီညိုရဲ ့ပထမ ၆ လက ၂၀၁၅ ခုနှစ်ရဲ့ဒုတိယ ၆ လပေါ့။ အခု အယ်နီညိုရဲ့ ဒုတိယ ၆ လ က ၂၀၁၆ ရဲ့ဒုတိယ ၆ လ ပေါ့။ လက်ရှိ အယ်နီညို အင်အား ဘယ်လောက် ရှိတယ်ဆိုတာ ဖေဖော်ဝါရီလ ၂၀ ရက်တုန်းက နောက်ဆုံး တိုင်းခဲ့တာ အယ်နီညိုဟာ ဆက်လက် ဖြစ်နေဆဲ ဖြစ်တယ်။ အားလဲ ကောင်းနေဆဲ ဖြစ်တယ်။ အယ်နီညိုဟာ ဒီနှစ် နှစ်ဝက် အထိ ဖြစ်နိုင်တယ်။ လာမယ့် ဇွန်လ အထိ ဖြစ်နိုင် တယ်လို့ ကျွန်တော် တွေ့ရပါတယ်”ဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ယခု ဖြစ်ပွားနေသည့် အယ်နီညို ရာသီဥတုဒဏ်မှာ ယခင်ဖြစ်ပွားခဲ့ပြီးသော မှတ်တမ်း များထက် ပိုမို ပြင်းထန်နိုင်သဖြင့် အပူချိန် စံချိန်ကျိုး ကျော်လွန်နိုင်ပြီး နွေရာသီတွင် ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းမှာ လွန်ကဲသည့် အဆင့်သို့ရောက်ရှိနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ဆက်လက် ပြောကြားခဲ့သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ ဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး ၊ မကွေးတိုင်း ဒေသကြီးတို့တွင် အပူချိန်သည် အနည်းဆုံး ၄၅ ဒီဂရီ စင်တီဂရိတ်ထိ ရှိမည် ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး၌ အနည်းဆုံး ၄၁ ဒီဂရီ စင်တီဂရိတ်ထိ ရှိနိုင်မည် ဖြစ်ကြောင်း ၊ ယင်းခန့်မှန်းချက် များထက် ကျော်လွန် သွားရန်သာ ရှိပြီး စံချိန်ကျိုးသည်မှာလည်း ဖြစ်သွားနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားသည်။

ယခုချိန်တွင် အယ်နီညို ရာသီဥတုကြောင့် အပူချိန်နှင့် ပတ်သက်၍ ပြောကြားရာတွင် ခရမ်းလွန် ရောင်ခြည်မှာ အလွန် မြင့်တက် နေပြီး နွေရာသီ၌ လွန်ကဲသည့် အဆင့်သို့ရောက်ရှိနိုင်ကြောင်း ထိုကြောင့် အပူချိန် စံချိန်တင် မြင့်တက် ခြင်းများ ဖြစ်နိုင်ပြီး အပူချိန် မြင့်မားမှု ၊ အပူလွန်ကဲမှု ၊ အပူ ညွှန်းကိန်း ၊ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းများကြောင့် လူ၏ ကျန်းမာရေး ထိခိုက်နိုင်ကြောင်း ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

ထို့ပြင် အယ်နီညိုကြောင့် မုတ်သုံရာသီ ဝင်ရောက်မှုမှာ ယခုနှစ်တွင် နောက်ကျနိုင်ပြီး မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီ တိုင်းနှင့် မွန်ပြည်နယ်တို့တွင် မုတ်သုံသည် မေ ၂၀ ရက်မှ ဝင်ရောက်နိုင်မည် ဖြစ်ပြီး မြစ်ဝ ကျွန်းပေါ် ဒေသတွင် မေလ ၂၅ ရက်မှ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း ၊ အဆိုးဆုံးမှာ မြန်မာနိုင်ငံ အလယ်ပိုင်း ဖြစ်ကြောင်း မုတ်သုံ ဝင်ရောက်မည့် ရက်မှာ ပီပီပြင်ပြင် မရှိဘဲ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဇွန်လ ၁ ရက်မှ ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

နွေရာသီ ကာလများ ဖြစ်သည့် မတ်လ ၊ ဧပြီလ နှင့် မေလတို့ တွင် အယ်နီညို ဖြစ်စဉ်၏ သက်ရောက်မှုများ ကြောင့် မိုးရွာသွန်းမှု လျော့နည်းခြင်း၊ နွေရာသီတွင် အပူချိန် မြင့်မားခြင်းစသည့် ရာသီဥတု အ‌ခြေအနေများ ဖြစ်ပေါ်လာနိုင်ပြီး ပူပြင်း ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်းနှင့် အပူကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာ ကြုံတွေ့ရနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အယ်နီညို ရာသီဥတု ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ၁၉၉၇-၉၈ ခုနှစ်တွင် အပူချိန် စံချိန်တင် မြင့်တက် ခဲ့ပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ၄၇.၂ ဒီဂရီ စင်တီဂရိတ် အထိ ရှိခဲ့ပြီး ရန်ကုန်၌ ၄၂.၅ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် သမိုင်းတစ်လျောက် အပြင်းထန်ဆုံး ကြုံတွေ့ရနိုင်သည့် အယ်နီညို ရာသီဥတုဒဏ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် အယ်နီညို ရာသီဥတု အကျိုး သက်ရောက်မှု များကြောင့် စိုက်ပျိုးရေနှင့် သောက်သုံးရေအခက်အခဲများ ၊ အပူဒဏ် ကာကွယ်ရေး လုပ်ငန်းများ ၊ မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများ အပေါ် ကြိုတင်ပြင် ဆင် ထားရှိမှု ဆောင်ရွက်ထားရှိထားကြောင်း သိရသည်။

စိုက်ပျိုးရေး ၊ အစားအစာ ဖူလုံရေး ၊ စိုက်ပျိုးရေ ရရှိရေး ၊ ရေပေးဝေရေး ၊ သောက်သုံးရေ ဖူလုံရေး ၊ လျှပ်စစ်မီး ရရှိရေး ၊ ကျန်းမာရေး ၊ ငါးလုပ်ငန်း ၊ ရေကြောင်း သွားလာရေး ၊ ခရီးသွား လုပ်ငန်းများ စသည့် သက်ဆိုင်ရာ ကဏ္ဍများတွင် သက်ရောက်မှုများ ရှိနိုင်သည့်အတွက် ကြိုတင် ပြင်ဆင်နိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် နှိုးဆော်ထားသည်။

ထို့ပြင် နွေရာသီနှင့် ရာသီဥတု ပူပြင်းသော အချိန်ကာလများတွင် အပူဒဏ်ကြောင့် အသက် အန္တရာယ် စိုးရိမ်ရသော အခြေအနေ အထိ ဖြစ်တတ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ အပူဒဏ် အန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း နှင့် အယ်နီညို (EL Nino) အကျိုး သက်ရောက် မှုကြောင့် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝန်း ဖြစ်ပေါ်လာနိုင်သော သဘာဝ ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု ကြုံတွေ့ ခံစားရမည့် ရေရှားပါးမှု ၊ အပူချိန် ပြင်းထန်မှု ၊ သောက်သုံးရေ ရှားပါးမှု ၊ ကျန်းမာရေး ပြဿနာများ ၊ စားရေရိက္ခာ ပြဿနာများ ၊ မီးဘေး အန္တရာယ် ကြိုတင် ကာကွယ် စီမံ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ၊ ပြည်တွင်းပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရသို့တိုက်တွန်းကြောင်း အရေးကြီး အဆိုတစ်ရပ် အား လွှတ်တော်၌ ဆွေးနွေး အတည်ပြုထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ပြင်းထန်သည့် အယ်နီညို ရာသီဥတုကြောင့် တရုတ်၊ အမေရိကန် ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများတွင် အပူချိန်များ စံချိန်တင် မြင့်တက်ခဲ့ရာ ရာသီဥတု ပြင်းထန်မှုကြောင့် လူပေါင်း ၂၂ ,၇၃၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ငွေကြေး ဆုံးရှုံးရမှုမှာ အမေရိကန်ဒေါ်လာ ၆၆.၅ ဘီလီယံ အထိ ရှိခဲ့သကဲ့သို့ မြန်မာနိုင်ငံအတွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပျက်စီး ဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။ (Xinhua)