Environment, Disasters & Accidents
ကုလားတန် မြစ်ရေ တိုက်စားမှုကြောင့် အပေါက်ဝ ကျေးရွာ မြစ်ကမ်းတစ်လျှောက်ရှိ နေအိမ် ၁၂ လုံး ပြိုကျ ပျက်စီး
ရန်ကုန် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ရှိ အပေါက်ဝ ကျေးရွာ၌ ကုလားတန်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်း တစ်လျှောက်ရှိ နေအိမ် ၁၂ လုံး ပြိုကျ ပျက်စီးခဲ့ရာ ကမ်းပြိုကျခဲ့သည့် နေအိမ်များမှ အိမ်ထောင်စုများ နှင့် ထပ်မံ ပြိုကျနိုင်သည့် မြစ်ကမ်းစပ်ရှိနေအိမ်များမှ အိမ်ထောင်စုများအား ဘေးလွှတ်ရာသို့ရွှေ့ပြောင်း ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ကုလားတန်မြစ်ရေ တိုက်စားမှုကြောင့် အပေါက်ဝ ကျေးရွာ မြစ်ကမ်း တစ်လျှောက်ရှိ နေအိမ် ၁၂ လုံးသည် ဖေဖော်ဝါရီ ၅ ရက်တွင် ပြိုကျ ပျက်စီးခဲ့ပြီး မြစ်ရေတိုက်စားမှုဖြစ်ပွားခဲ့သော ကျေးရွာသို့ လုံခြုံရေး တပ်ဖွဲ့ဝင် များက သွားရောက်၍ ပြိုကျပျက်စီးနေသည့် နေအိမ်များအား ဖယ်ရှားရှင်းလင်းခြင်း၊ ကမ်းပြိုကျခဲ့သည့် နေအိမ် များမှ အိမ်ထောင်စု ၁၂ စု၊ လူဦးရေ ၆၄ ဦးနှင့် ထပ်မံ ပြိုကျနိုင်သည့် မြစ်ကမ်းစပ်ရှိနေအိမ်များမှ အိမ်ထောင်စု ကိုးစု၊ လူဦးရေ ၅၉ ဦး၊ စုစုပေါင်း ၁၂၃ ဦးတို့နှင့် အသုံးအဆောင် ပစ္စည်းများအား ကျေးရွာ မူလတန်းကျောင်းနှင့် သဘာဝဘေးအရေးပေါ် ကယ်ဆယ်ရေး အဆောက်အအုံများသို့ ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်။(Xinhua)